ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသော ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့ကို တရုတ်ဖိအားကြောင့် အာဏာသိမ်း စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးနေသည်ဟု ဒေသခံများက ပြောဆိုနေချိန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက မြန်မာ့အရေး ကြားဝင်စွက်မှုမရှိ မူကို ဆက်လက်ကျင့်သုံးနေသည်ဟု ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ယမန်နေ့ ဧပြီလ ၂၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ မေးမြန်းမှုအပေါ် ယင်းကဲ့သို့ တုန့်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
Guo Jiakun က “တရုတ်နိုင်ငံအနေနဲ့ မြန်မာက သက်ဆိုင်ရာအစုအဖွဲ့တွေကို နိုင်ငံရေးပြန်လည်သင့်မြတ်ဖို့ နဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ပြန်လည်စတင်နိုင်ဖို့ မိတ်ဆွေသဘောနဲ့သာ အကြံပြုပေးနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဧပြီလ ၁၉ ရက်နေ့က လားရှိုးမြို့ထဲကို စစ်ကောင်စီ၏ ဝန်ထမ်းအချို့နှင့် တရုတ်အထူးသံတမန် တိန့်ရွှီကျင်းတို့ ရောက်ရှိလာပြီး ဧပြီလ ၂၁ ရက်နေ့တွင် နောက်ဆုံးထားပြီး ကိုးကန့်တပ် MNDAA က ဆုတ်ခွာပေးရမည်ဟု သတင်းရင်းမြစ်များက ပြောဆိုထားကြသည်။
လားရှိုးမြို့အား စစ်ကောင်စီထံ လွှဲပြောင်းပေးရေးကို တရုတ်အထူးသံတမန်က ကြားဝင်ဆောင်ရွက်နေကြောင်းနှင့် အုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် MNDAA တို့ ဆွေးနွေးနေကြသည်ဟု ဒေသခံများသတင်းရင်းမြစ်များက ပြောဆိုထားကြသည်။
လားရှိုးမြို့အား စစ်ကောင်စီထံ ပေးလိုက်ရခြင်းအပေါ် ကိုးကန့်တပ် MNDAA က ပြောဖို့အင်အားမရှိ ကြောင်း မီဒီယာများကို တုန့်ပြန်ထားသည်။
MNDAA ၏ လားရှိုးမြို့ ပြန်လည်ထူထောင်ရေး တာဝန်ခံက “ဘာမှ ပြောစရာမရှိပါဘူး။ ပြောဖို့လည်း အားမရှိလို့ပါ” ဟု တုန့်ပြန်ထားသည်။
လားရှိုးမြို့အား စစ်ကောင်စီထံ ပြန်ပေးလိုက်ရခြင်းအပေါ် ဟုတ်မှတ်ဟုတ် မှန်မမှန် တော်လှန်ရေးအင်အားစုများကြား ပြောဆိုနေကြချိန် MNDAA ၏ တုန့်ပြန်ခြင်းမှာ ဟုတ်မှတ်ကြောင်း အတည်ပြုနိုင်သည်။
ယမန်နေ့ ဧပြီလ ၂၁ ရက်တွင် လားရှိုးမြို့အတွင်း စိုက်ထူထားသော MNDAA ၏ အလံကို ပြန်လည်ဖြတ်ချထားကြောင်းလည်း လားရှိုးမြို့ခံများက ပြောဆိုထားကြသည်။
သို့သော်လည်း လားရှိုးမြို့ အုပ်ချုပ်ရေးပုံစံမှာ မည်သည့်ပုံစံမျိုး ဖြစ်လာမည်ကို တိတိကျကျ မထွက်သေးကြောင်းနှင့် တရုတ်အထူးသံတမန်ကို အလယ်မှာထားပြီး စစ်ကောင်စီကိုယ်စားလှယ်များနှင့် ကိုးကန့်ကိုယ်စားလှယ်များ ယနေ့တွင် ထပ်မံ ဆွေးနွေးကြမည်ဟုလည်း သတင်းထွက်ပေါ်နေသည်။