၂၀၂၁ ခုနှစ်က မဲစာရင်း လိမ်လည်မှုစွပ်စွဲချက် အကြောင်းပြချက်ဖြင့် အာဏာသိမ်းယူခဲ့သည့် မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၅ ဒီဇင်ဘာလတွင် အထွေထွေ ရွေးကောက်ပွဲကြီး ပြုလုပ်သွားမည်ဟု ကြေညာထားသည်။
နိုင်ငံတစ်၀ှမ်းတွင် ပြည်တွင်းစစ် ခုခံတော်လှန်ရေးနှင့် ထိန်းချုပ်နယ်မြေ အများအပြားကို စွန့်လွှတ်နေရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ရွေးကောက်ပွဲကျင်းပ အောင်မြင်ရန် မဖြစ်နိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူများက ပြောဆိုထားကြသည်။

အာဏာသိမ်း စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲမှာ အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်ပြီး မင်းအောင်လှိုင်သည် နိုင်ငံရေးထဲက သေမှပဲ ထွက်လိမ့်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က ပြောသည်။
“တချို့က မင်းအောင်လှိုင် လုပ်မဲ့ တရားမ၀င်ရွေးကောက်ပွဲကို သူရဲ့ ထွက်ပေါက်လို့ ထင်ကြတယ်။ ကျွန်တော်ကတော့ မထင်ဘူး။ ဘာလို့လဲဆိုတော့ မင်းအောင်လှိုင်က သမ္မတရူး၊ အာဏာရူး ရူးနေတာလေ။ အတုအယောင် ရွေးကောက်ပွဲ လုပ်ပြီးတဲ့နောက်မှာလည်း သမ္မတကို သူပဲ ပြန်လုပ်နိုင်တာပဲ။ အဲ့တော့ စစ်ခေါင်းဆောင်ကတော့ သေမှပဲ နိုင်ငံရေးထဲက ထွက်မှာ။ ဘာလိုလဲဆိုတော့ သူကျူးလွန်ခဲ့တဲ့ မတရားမှုတွေကို စစ်ရာဇ၀တ်မှုတွေပေါ့နော် အဲ့တာတွေကို သူ့ပါ၀ါ လက်လွှတ်လိုက်ရရင် ဒါတွေကို သူဘယ်လိုရင်ဆိုင်မလဲ။ သူမှာ အဲ့ အကြောက်တရားက ကြီးစိုးနေမှာပဲ” ဟု ပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရွေးကောက်ပွဲလုပ်ပြီး နိုင်ငံရေးထွက်ပေါက် ရှာခြင်း အခြေအနေမျိုးထက် အာဏာကို တစ်နည်းနည်းဖြင့် လက်ဆက် ဆွဲကိုင်ထားမည့်သဘောကို မြင်မိကြောင်း ကိုနေဘုန်းလတ်က ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ကမူ စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲမှာ လုံးဝ မဖြစ်နိုင်ကြောင်း တိတိကျကျပြောနိုင်သည်ဟု အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။
“စစ်ကောင်စီရဲ့ အသက်ရှုပေါက်က ရွေးကောက်ပွဲနဲ့ ထွက်နိုင်ရင် သူအရမ်းလှတာပေါ့ဗျာ၊ ဒါပေမဲ့ သူလုပ်မယ့် ရွေးကောက်ပွဲကို ကျနော်ကတော့ မဆန့်ကျင်ဘူးနော်။ သူ့မှာက ရွေးကောက်ပွဲလုပ်ဖို့ ပါ၀ါမရှိဘူးလေ။ သူအာဏာသိမ်းလိုက်ထဲက ဖွဲ့စည်းပုံက ပျက်သွားပြီ။ အခု သူကျင်းပမယ့် ရွေးကောက်ပွဲက မြို့ဘယ်နှစ်မြို့နဲ့ ကျင်းပမှာလဲ။ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်းက ၃၃၀ ရှိတယ်။ အရင့်အရင် ရွေးကောက်ပွဲက မြို့နယ် ၃၀၀ ကျော်မှာ ကျင်းပတယ်။ မဲပေးနိုင်တဲ့ ရာခိုင်းနှိုင်းလည်း တက်ခဲ့တယ်၊ ဒါတွေ တွက်ချက်ရမှာလေ အဲ့တော့ စစ်ခေါင်းဆောင်လုပ်မယ့် ရွေးကောက်ပွဲ လုံး၀ မအောင်မြင်နိုင်ဘူးဆိုတာ အတိအကျပဲ” ဟု ပြောသည်။
အာဏာသိမ်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုများနှင့် ဒီမိုကရေစီ အင်အားစုများက သပိတ်မှောက်ထားကြပြီး အိမ်နီးချင်းနိုင်ငံအချို့နှင့် အာဆီယံနိုင်ငံအချို့ကလည်း လက်ခံမှုမရှိကြပေ။
သို့သော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်၊ ထိုင်း၊ ရှရှားနှင့် အိန္ဒိယ အကူအညီများဖြင့် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေပြီး အပိုင်းလိုက်၊ အဖြတ်လိုက်ကျင်းပကာ အချိုးကျကိုယ်စားပြုစနစ် PR ကို ကျင့်သုံးမည်ဟု စစ်ကောင်စီက ပြောဆိုထားသည်။