ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများကြောင့် အာဏာသိမ်း စစ်ကောင်စီက ဧပြီလ ၂၂ ရက်နေ့အထိ အပစ်ရပ်စဲကြောင်း ကာလကို ဧပြီလ ၃၀ ရက်အထိ ထပ်မံ သက်တမ်းတိုးလိုက်သည်။
ယာယီအပစ်ရပ်စဲကာလ သက်တမ်းထပ်တိုးခြင်းကို စစ်ကောင်စီ၏ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ့ ဧပြီလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။
ငလျင်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အပစ်ရပ်စဲခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။
သို့သော်လည်း အပစ်ရပ်စဲမှု စတင်ခဲ့သည့် ဧပြီလ ၂ ရက်နေ့ကနေ အာဏာသိမ်း စစ်ကောင်စီသည် အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများကို နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီ၏ အပစ်ရပ်ကာလဖြစ်သည့် ဧပြီလ ၂၁ ရက်တွင် KNU ထိန်းချုပ်နယ်မြေများဖြစ်သည့် ဘီးလင်း၊ သထုံ၊ ဘားအံ၊ ဖာပွန်၊ ကော့ကရိတ်နှင့် ကျုံဒိုး ဒေသများသို့ စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့၍ ပြည်သူ ၂၀ ဦးခန့်သေဆုံးပြီး ၃၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဧပြီလ ၁၈ ရက်နေ့ကလည်း မန္တလေးတိုင်း တောင်သာမြို့နယ်မှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယခု ထပ်မံသက်တမ်းတိုးကာလတွင်လည်း အာဏာသိမ်း စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ ရှိရာနေရာများနှင့် ပြည်သူများနေထိုင်ရာ မြို့ရွာများကို လေကြောင်းတိုက်ခိုက်နိုင်သည်ဟု ပြောဆိုကြသည်။
အာဏာသိမ်း စစ်ကောင်စီက ငလျင်ကြောင့် အပစ်ရပ်စဲသည်ဟု ကြေညာချက်မှာ ဟန်ပြသာ ဖြစ်ပြီး ပြည်သူများအား လိမ်လည်နေခြင်းသာဖြစ်သည်ဟု သုံးသပ်သူများက တုန့်ပြန်ထားကြသည်။