ချင်းပြည်နယ်မြို့တော် ဟားခါးမြို့သိမ်းတိုက်ပွဲဆင်နွှဲရန်အတွက် ပြည်တွင်းပြည်ပမှာ ရောက်ရှိနေကြသည့် ချင်းလူငယ်များအနေဖြင့် လာရောက်ပူးပေါင်းပေးကြရန် ချင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် CDF – Hakha က ဧပြီလ ၂၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ်အတွင်းမှာ ဟားခါးမြို့သိမ်းစစ်ဆင်ရေးကို ဆင်နွှဲနိုင်ရန် ကြိုတင် ပြင်ဆင်မှုများပြုလုပ်နေသည်ဟု CDF-Hakha တာဝန်ရှိသူက ပြောသည်။
“အခုဆိုရင် ချင်းပြည်နယ်မှာ နောက်ဆုံး လက်ကျန်မြို့လို ဖြစ်နေပြီပေါ့နော်။ ကျွန်တော်တို့ ခံယူချက်ကတော့ ဟားခါးမြို့သိမ်းဖို့ဆိုရင် ဟားခါးမြို့နယ်သူ၊ မြို့နယ်သားတွေမှာ အဓိက တာဝန်ရှိတယ်လို့ ခံယူတာပေါ့နော်။ ဆိုတော့ ဟားခါးမြို့နယ်က လူငယ်အားလုံးကို ဖိတ်ခေါ်တယ်” ဟု ပြောသည်။
ဟားခါးမြို့သိမ်းတိုက်ပွဲမှာ ပူးပေါင်းပါဝင်လာသည့် လူငယ်များသည် CDF – Hakha တပ်ဖွဲ့မှာ အချိန်ပြည့်တပ်ဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ကြသလို၊ အရံတပ်ဖွဲ့ဝင်အဖြစ်လည်း ပါဝင်နိုင်ကြောင်း CDF – Hakha ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
တိုင်းပြည်နှင့်လူမျိုး လွတ်မြောက်ရေးတွက် ချင်းပြည်သူများအားလုံးမှာ တာဝန်ရှိပြီး မိဘများအနေဖြင့်လည်း ၎င်းတို့သားသမီးများကို စစ်ဆင်ရေးဖော်ရာတွင် ပူးပေါင်းပါဝင်နိုင်ရေး တိုက်တွန်းပေးကြရန် CDF – Hakha က တောင်းဆိုထားသည်။
“လက်နက်ဘယ်လောက်ပဲ ကောင်းကောင်း စစ်တိုက်ဖို့ဆိုရင် အဓိက လိုအပ်သည်မှာ လူအင်အားဖြစ်တာကြောင့် အားလုံးပါဝင်ပေးကြဖို့ လိုတယ် ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း လူငယ်တွေကို အတင်းအကြပ် စစ်သင်တန်း တက်ခိုင်းတာမျိုးမလုပ်ဆောင်ဘဲ မိမိတို့ ဆန္ဒ၊ မိမိတို့ ဆုံးဖြတ်ချက်နဲ့ ပါဝင်စေချင်တယ်” ဟု CDF – Hakha က ပြောသည်။
ဟားခါးမြို့မှာ အာဏာသိမ်း စစ်ကောင်စီ၏ စစ်ဗျူဟာနှင့် ခလရ ၂၆၆ တပ်ရင်း အခြေစိုက်ထားပြီး CDF – Hakha က ၂၀၂၅ အတွင်းမှာ တိုက်ခိုက်သွားမည်ဟု ဆိုသည်။
နွေဦးတော်လှန်ရေး၏ ရေစီးကြောင်းအရ စစ်တိုက်ရန်အဓိကဖြစ်၍ ပြည်တွင်းပြည်ပမှာရှိသည့် လူငယ်များသာမက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ရောက်ရှိနေသည့် လူငယ်များကိုလည်း ပူးပေါင်းပါဝင်စေလိုသည်ဟု ပြောသည်။
စစ်အာဏာရှင်စနစ်ကို တူမီးသေနတ်စွဲကိုင်၍ စတင် တော်လှန်ခဲ့သည့် ချင်းပြည်နယ်တွင် ဆက်လက်သိမ်းပိုက်ရန် ကျန်ရှိသည့်မြို့များမှာ မြို့တော် ဟားခါး၊ ထန်တလန်မြို့နှင့် တီးတိန်မြို့တို့သာ ဖြစ်သည်။
ချင်းပြည်နယ်က ကန်ပက်လက်မြို့၊ မင်းတပ်မြို့၊ မတူပီမြို့၊ ဖလမ်းမြို့၊ ကျင်ဒွေးမြို့၊ မကွီအိမ်နူးမြို့၊ ရိခေါဒါရ်မြို့၊ ဆူရ်ခွါမြို့၊ တွန်းဇံမြို့၊ နာရ်ဟရိန်မြို့၊ လိုင်လင်းပီမြို့နှင့် ရေဇွာမြို့များကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားပြီး ပလက်ဝမြို့ကိုမူ အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည်။