Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ပဲခူးတိုင်းနှင့် ရခိုင်အစပ် ပန်းတောင်း – တောင်ကုတ်လမ်းပိုင်းရှိ အာဏာသိမ်း စစ်ကောင်စီ၏ အိမ်လေးစုစခန်းကို အာရက္ခတပ်တော် AA က အင်အား ၁၅၀၀ နှင့် ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ ပုဂံကွဲစခန်းမှ အလင်းဝင်ရောက်လာသည့် တပ်သားမင်းခန့်၏ ပြောပြချက်ရုပ်သံကို ကျောင်းသားလက်ရုံးတပ်တော် SAF က ယမန်နေ့ ဧပြီလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

၂၀၂၅ ဖေဖော်ဝါရီလအတွင်းက တောင်ကုတ်- ပန်းတောင်းကားလမ်းအနီး လေးအိမ်စု စခန်းတိုက်ပွဲတွင် AA က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခဲ့ကြောင်း အလင်းဝင်ရောက်လာသည့် မင်းခန့်က ပြောသည်။

“ည ၁၀ နာရီလာက်ပဲ ရှိအုံးမယ်။ ကျွန်တော်တို့ ကင်းစောင့်နေတဲ့ချိန်မှာ AA ဘက်ကနေပြီးတော့ သေနတ်သံကြားတာ ပေါ့။ သေနတ်သံကြားတော့ ၃၆၂ မှာ ကျနော်တို့ တပ်တွေပဲ ဖြစ်နေတယ်။ အဲ့တာနဲ့ ကျွန်တာ်တို့ဘက်ကိုလည်း သူတို့က ရောက်လာတယ်။ ရောက်လာတော့ အယောက် ၁၅၀၀ လောက်ရှိတယ်။ ရောက်လာတော့ ဆီးပြီးပစ်တာ ပစ်ရင်းပစ်ရင်းနဲ့ ကျွန်တော်တို့က ဘယ်လိုမှမခုခံနိုင်တော့အဆုံး ပုဂံကွဲတပ်ရင်း နောက်ကို ပြန်ဆုတ်တာ။ ကျွန်တော်တို့ လူတွေကလည်း တော်တော်ကျတာများနေပြီ အဲမှာ။ ၅၂ ယောက်လောက်မှာ ၁၅ ယောက် အယောက် ၂၀ လောက်ပဲ ကျန်တော့တယ်။ ဘယ်လိုမှ မနိုင်တော့တဲ့အဆုံးမှာ နောက်ကို ပြန်ဆုတ်ခဲ့တာပေါ့” ဟု ပြောသည်။

ပုဂံကွဲစခန်းကို အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်များက ဖေဖော်ဝါရီလ ၁၅ ရက်တွင် သိမ်းပိုက်ခဲ့သည်ဟု ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုထားကြသည်။

ပုဂံကွဲစခန်းမှ ထွက်ပြေးလွတ်မြောက်ပုံကို မင်းခန့်က “ပုဂံကွဲ ကုန်းပေါ်က ပတ်ချာလည်ပေါ့ မိုင်းလိုက်ထောင်ရင်းနဲ့ သူငယ်ချင်းတစ်ယောက် တွေ့တာနဲ့ ကျနော်က မေးတယ်။ ဘာလုပ်နေတာလဲလို့ ထွက်ပြေးဖို့ ကြံစည်နေတာတဲ့။ အဲဒါဆို အတော်ပဲ ငါလည်း လိုက်ခဲ့မယ်လို့ သူတို့တက်တဲ့အချိန်မှာပဲ ခြုံပေါက်ထဲကနေ ဆင်းပြီးတော့ ထွက်ပြေးလာတာပါ” ဟု ပြောသည်။

နောက်ထပ်လည်း ထွက်ပြေးရန်ဆန္ဒရှိနေကြသည့် စစ်ကောင်စီတပ်သား အများအပြားရှိကြောင်းနှင့် အခြေအနေပေးလျှင် ထွက်ပြေးလာကြမည်ဖြစ်ပြီး ထွက်ပြေး၍ မရလျှင် အသေခံကြမည်ဟု ခံယူထားကြကြောင်း မင်းခန့်က ဆိုသည်။

“စစ်တပ်မှာ စစ်သားဖြစ်တာကျတော့ မပစ်ချင်တဲ့ သူတွေလည်း ပစ်နေရတာပဲ။ မဝင်ချင်တဲ့ အိမ်တွေလည်း ဝင်ကြရတာပဲ။ မယူချင်တဲ့ ပစ္စည်းတွေလည်း ယူခဲ့ရတာပဲ။ အဲ့လိုမျိုးတော့ ရှိတယ်” ဟု စစ်ကောင်စီတပ်သားများ၏ အခြေအနေနှင့် ပတ်သက်၍ ကိုမင်းခန့်က ပြောပြထားခြင်းဖြစ်သည်။

SAF သို့ အလင်းဝင်လာသည့် မင်းခန့်သည် စစ်ကောင်စီ၏ စစ်မှုထမ်း အပတ်စဉ် ၄ သင်တန်းဆင်းဖြစ်ပြီး အတင်းအဓမ္မ စစ်မှုထမ်းရန် ခေါ်ယူခံရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

၎င်းမှာ ရန်ကုန်တိုင်း သန်လျင်မြို့မှာ နေထိုင်သူဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်သို့ လာရောက်ပေါ်တာဆွဲကာ စစ်မှုထမ်းခိုင်း၍ စကခ ၁၀ နှင့် ခမရ ၃၆၅ တပ်ရင်း (မော်လိုက်) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်ဟု မင်းခန့်က ပြောသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ