ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှာ ဧပြီလ ၂၄ ရက်နေ့က မပေါက်ကွဲသေးသည့် ဗုံးသီးတစ်လုံးအား ဒေသခံ အမျိုးသားတစ်ဦးက သွားရောက်ဆွဲနှုတ်ယူရာတွင် သေဆုံးသွားကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်၊ အောင်ဆိပ်တဲစုကျေးရွာအနီး လယ်ဂျိူင်တောင်တွင် မပေါက်ကွဲဘဲ ကျန်နေသည့် ကျောက်ကြားထဲညှပ်နေသော ဗုံးသီးတစ်လုံးကို သွားရောက်ဆွဲနှုတ်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ သေဆုံးသွားသူသည် သားဖြစ်သူနှင့်အတူ စစ်ကောင်စီတပ် ယာယီစခန်းချ နေထိုင်ခဲ့သော အောင်ဆိပ်တဲစုကျေးရွာအနီး လယ်ဂျိူင်တောင်တွင် သားဖနှစ်ယောက်မှာ တောရှင်းလင်းရာမှ ပေါက်ကွဲမှုဖြစ်၍ သေဆုံးခြင်း ဖြစ်သည်။
သေဆုံးသူသည် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး တောင်ကုတ်မြို့နယ် စေတီကွင်းကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်သည်။
မြို့ပေါ်အပါအဝင် ကျေးလတ်နေ ပြည်သူများမှာ မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက်များနှင့် ပတ်သက်၍ အသိပညာရရှိမှု အားနည်းသောကြောင့် ယခုလို သေဆုံးမှုများ ဆက်တိုက် မြင့်တက်လာနေကြောင်း ဂွမြို့နယ် လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
“အခုတစ်လော သေဆုံးမှုတွေ အရမ်းမြင့်တက်လာနေပါတယ်။ တချို့ ကလေးတွေ မဟုတ်ဘူး။ လူကြီးတွေတောင် ဘယ်လို ကိုင်တွယ်ရမလဲဆိုတာတောင် နားမလည်းဘူး။ ဗုံးသီးကို ယူလာပြီးတော့ အိမ်မှာ ထားတာတွေ၊ ပြီးတော့ ထုခွဲတာတွေ လုပ်ကြတယ်။ ဒီလို မလုပ်သင့်တာတွေ၊ လုပ်တာကြောင့် သေဆုံးမှုတွေ မြင့်တက်လာတာပါ။ လူကြီးတွေက ဒါတွေနဲ့ ပိုပြီးတော့ ယဉ်ပါးဖို့လိုတယ်။ ကလေးတွေကို သေချာလေးကို စနစ်တကျ ပြောဖို့လိုတယ် “ဟုပြောသည်။
အာရက္ခတပ်တော် အနေဖြင့် ရခိုင်ပြည်အတွင်း စစ်ကျန်လက်နက်များနှင့် မိုင်းအန္တရာယ် အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးနေပြီး လက်ကမ်းစာစောင်များဖြင့်လည်း လူစည်ကားရာရောများတွင် ဖြန့်ဝေထားကြောင်း သိရသည်။