Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

AA သိမ်းပိုက်ထိန်းချုပ်ထားသော ပလက်ဝမြို့နယ်တွင် တပ်သားနှစ်ဦးက ဒေသခံ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု အာရက္ခတပ်တော် AA က ဝန်ခံထားပြီး ကျူးလွန်သူများကို အရေးယူမည်ဟု ပြောဆိုသည်။

ပလက်ဝဒေသခံ အမျိုးသမီးတစ်ဦးကို AA တပ်သားနှစ်ဦးမှ အဓမ္မပြုကျင့်ခဲ့သည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခ က ဝန်ခံထားပြီး ကျူးလွန်သူများကို အခင်းဖြစ်ပွားသည့်နေ့ကတည်းက ဖမ်းဆီးခဲ့ကြောင်း ပြောသည်။

ကာယကံရှင် အမျိုးသမီး၏ မိသားစုဝင်များနှင့် ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်းများမှ တရားမျှတမှု ရရှိရေးအတွက် အရေးယူပေးရန် တောင်းဆိုပြီးနောက်တွင် ဦးခိုင်သုခက ယခုအမှုအား ထုတ်ပြန်လာခြင်း ဖြစ်သည်။

အရက်သေစာ သောက်စားပြီး မူးယစ်နေသော တပ်ဖွဲ့ဝင်နှစ်ဦးသည် ချောင်းထဲမှာ ရေချိုးနေသော အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့သည်ဟု AA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခက ဝန်ခံခဲ့ခြင်း ဖြစ်သည်။

ကျူးလွန်သူ တပ်သားနှစ်ဦးနှင့် ပတ်သက်၍ အမျိုးသမီး၏အမှုတွင် တရားမျှတမှုရရှိရေးအတွက် ပြစ်မှုနှင့် ပြစ်ဒဏ် မျှတအောင် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ဦးခိုင်သုခက ဆိုသည်။

ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပလက်ဝမြို့နယ် စိမ်းစင်းကျေးရွာမှ အမျိုးသမီးတစ်ဦးကို အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်နှစ်ဦးက အဓမ္မပြုကျင့်ပြီးနောက် အမျိုးသမီးအား ရေနစ်သတ်ရန် လုပ်ဆောင်ခဲ့သည်ဟု ချင်းအရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုထားကြသည်။

ဦးခိုင်သုခက ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ပြောဆိုထားသော်လည်း မည်သည့် ပြစ်ဒဏ်ဖြစ်သည်ကို တိတိကျကျ ထုတ်ဖော်ပြောဆိုထားခြင်း မရှိသည့်အပေါ် တရားစီရန်မှုကို စိုးရိမ်မိကြောင်း မိသားစုဝင်များက ပြောဆိုသည်။

ပြစ်မှုကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန်နှင့် ကျူးလွန်ခံရသူ အမျိုးသမီး၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ပေးစေလိုကြောင်းနှင့် မိသားစုဝင်များကိုလည်း လုံခြုံမှုပေးစေလိုကြောင်း ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ/ပလက်ဝကောင်စီ (IKACC/PC) က တောင်းဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ