AA ထိန်းချုပ် နယ်မြေများသို့ သွားရောက်မှုကြောင့် ဖမ်းဆီးခံရသော စစ်တွေဒေသခံများ ကို စစ်ကောင်စီက ဧပြီလ ၂၄ ရက်နေ့ ညနေက ပြန်လည် လွှတ်ပေးလိုက်ကြောင်း စစ်တွေမြို့ခံများက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့က စစ်တွေဒေသခံများသည် AA ထိန်းချုပ်ထားသော မြို့နယ်များကို သွားရောက်ရန် ပြင်ဆင်နေချိန်တွင် တိုင်းကြား ခံရမှုကြောင့် စစ်ရှောင် ၃၀ ကျော် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
လွတ်မြောက်နယ်မြေ သွားကြသည့် အဆိုပါ စစ်တွေဒေသခံ ၃၀ ကျော်မှာ စစ်တွေမြို့အတွင်း နေထိုင်သော စစ်ရှောင်များ ဖြစ်ကြပြီး အများစုမှာ ဗျိုင်းဖြူရွာသားများ ဖြစ်ကြောင်း Western News က သိရှိ ရသည်။
ဧပြီ ၂၄ ရက်နေ့ ညနေပိုင်းမှာ ၎င်းတို့အားလုံးကို စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှ ပြန်လည် လွတ်ပေးလိုက်ကြောင်း အမည်မဖော်လိုသည့် စစ်တွေမြို့ခံ တစ်ဦးက Western News ကို ပြောသည်။
“မနေ့က ညနေ ၄ နာရီလောက်မှာ ကျနော်တို့ ဗျိုင်းဖြူရွာက ၁၀ ယောက် ပြန်လွတ်လာကြတယ်။ တခြားသူတွေလည်း လွတ်လာကြတယ်။ ပိုက်ဆံတွေ ဘာတွေ မပေးခဲ့ရဘူးလို့ ပြောတယ်။ အမှတ် ၁ ရဲစခန်းကနေ လွှတ်ပေးလိုက်တာပါ” ဟု ပြောသည်။
ဖမ်းဆီး ခံရသည့် အထဲတွင် ၇ လသားအရွယ် ကလေးငယ်များနှင့် ၃ နှစ် ကလေးများ ပါဝင်ပြီး ၎င်းတို့မှာလည်း အပြင်း ဖျားနာနေ၍ ဆေးခန်းများကို ပြသနေရကြောင်း ပြန်လည် လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။
စစ်တွေ ဒေသခံ ၃၀ ကျော်မှာ မိဇံရပ်ကွက်ရှိ နေအိမ်မှ စက်လှေရှိရာ ကိုရီးယားဆိပ်ကမ်းသို့ သွားရောက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး စစ်တွေ အမှတ်၁ ရဲစခန်းကို ပို့ဆောင်ခဲ့သည်။
စစ်တွေမြို့အနီးက ကျေးရွာပေါင်း ၂၀ ကျော်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှနှင်ထုတ်ထား၍ ဒေသခံပြည်သူ ၅၀၀၀ ကျော်မှာ စစ်တွေမြို့ထဲက ဘုန်းတော်ကြီးကျောင်းနှင့် အဆင်ပြေသည့် နေရာများတွင် စစ်ဘေးရှောင်နေကြရသည်။
စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရွာကိုလည်း ပြန်၍ မရသောကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ အာရက္ခတပ်တော် AA ထိန်းချုပ်သော မြို့နယ်များသို့ သွားရောက်ရန် စီစဉ်လာခြင်းဖြစ်သည်။