Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- ဒရုန်းဖြင့် တိုက်ပွဲဝင်ရန် လေ့ကျင့်နေသည့် စစ်ကောင်စီတပ်သားများ (ဓာတ်ပုံ - CJ)

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်မှ ကျေးရွာများကို ဧပြီလ ၂၅ ရက်တွင် စစ်ကောင်စီက ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ သားအမိနှစ်ဦး အပါအဝင် နောက်ထပ်အမျိုးသမီးတစ်ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာကို နံနက် ၁၀ နာရီအချိန်ခန့်တွင် ဒရုန်းနှင့် ၅ ကြိမ်တိတိ ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျောက်ဖြူ ဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်တာ မရှိဘဲ ဒီအတိုင်း လာကြဲတာပါ။ တစ်အိမ်တည်းမှာနေတဲ့ သားမိနှစ်ယောက် ဆုံးသွားပါတယ်။ နောက်ထပ် အမျိုးသမီးတစ်ယောက် ဆုံးပါတယ်။ စုစုပေါင်း သုံးယောက်ပါ။ အခုကျေးရွာလူတွေ တော်တော်များများ အကုန် ထွက်ပြေးနေကြပါတယ်”ဟုပြောသည်။

လိပ်ခမော်ကျေးရွာက အသက် ၃၉ နှစ်အရွယ် ဒေါ်ချောစုနှင့် အသက် ၁၁ နှစ်အရွယ် မမေသဇင်ခိုင် (ဒေါ်ချောစုသမီး)နှင့် အသက် ၄၇ နှစ်အရွယ် ဒေါ်သိန်းသိန်းအေး တို့မှာ စစ်ကောင်စီ ဗုံးကြောင့် သေဆုံးခဲ့ရသည်။

ယင်းအပြင် စစ်ကောင်စီသည် ဧပြီလ ၂၄ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် ရေနံတောင်ကျေးရွာကို အသေခံဒရုန်းအသုံးပြုပြီး ၃ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ရွာသား ၁ ဦးသေဆုံးပြီး ရွာသား ၁ ဦး ဒဏ်ရာရရှိသွားသည်။

သေဆုံးသွားသူမှာ ရေနံတောင်ကျေးရွာမှာ စစ်ဘေးရှောင်နေသော ကုလဘာရွာက အသက် ၂၆ နှစ်အရွယ် ဒေါ်မယဉ်နု ဖြစ်ပြီး အသက် ၇၆ နှစ်အရွယ် ဦးလှစံမှာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

စစ်ကောင်စီသည် ကျောက်ဖြူ၊ စစ်တွေမြို့နယ်‌တွေက အပြစ်မဲ့အရပ်သားပြည်သူများ နေရပ်ထိုင်သည့်ကျေးရွာများကို ဒရုန်းအပြင် ဂျက်ဖိုက်တာ၊ လက်နက်ကြီး အသုံးပြုပြီး နေ့စဉ် ပစ်ခတ်နေသည်။

အာဏာသိမ်း စစ်ကောင်စီ အပစ်ရပ်စဲခဲ့သည့် ဧပြီလ ၂ ရက်မှ ၂၂ ရက်နေ့အထိ ရက် ၂၀ အတွင်း ရခိုင်ပြည်က မြို့ ၅ ခုမှာ လေကြောင်းဗုံးကြဲမှုအပါအဝင် ပစ်ခတ်တိုက်ခိုက်မှု ၄၀၉ ကြိမ်ရှိခဲ့သည်ဟု အာရက္ခတပ်တော် AA ၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ဧပြီလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

ထို ရက်၂၀ အတွင်း စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာ ရရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများအနက် ၅ ဦးမှာ အသက် ၅ နှစ်ကနေ ၁၄ နှစ်အရွယ် ကလေးငယ်များဖြစ်ကြသည်။ ယင်းအပြင် ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ်များလည်း ထိခိုက်ပျက်စီးသွားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ