Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ -ကိုးကန့်တပ် MNDAA အားတွေ့ရစဉ်။

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့အား နိုင်ငံရေးဖိအားများ‌ကြောင့် အာဏာသိမ်း စစ်ကောင်စီထံ ပြန်လည်ပေးအပ်ခဲ့ရကြောင်း ကိုးကန့်သတင်းက ယနေ့ ဧပြီ ၂၆ ရက်နေ့တွင် ဖော်ပြသည်။

တရုတ် အကူအညီဖြင့် လားရှိုးမြို့အား ပြန်ထိန်းချုပ်တော့မည့် စစ်ကောင်စီသည် ဧပြီလ ၂၂ ရက်‌နေ့က ကားအစီးရေ ရာချီဖြင့် မြို့ထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့သလို ကနဦး သဘောတူညီချက်အရ လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခု ပြန်လည်အုပ်ချုပ်သွားမည် ဖြစ်သည်။

တရုတ်အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုနှင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့က ကူမင်းဆွေးနွေးပွဲမှာ စစ်ကောင်စီနှင့် MNDAA တို့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ကြသည်။

လားရှိုးမြို့ခံအချို့သည် စစ်ကောင်စီတပ် အများအပြားဝင်ရောက်လာသည်ကို စိုးရိမ်ပြီး မြို့ကနေ တိမ်းရှောင်ကြသူများလည်းရှိကြောင်း လားရှိုးမြို့ခံအချို့၏ ပြောပြချက် အရ သိရသည်။

ကိုးကန့်တပ် MNDAA သည် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများကြားကမှ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးကာလ၏ အခက်အခဲ စိန်ခေါ်မှုများကနေ တစ်ပတ်အတွင်း ကျန်းမာရေးကဏ္ဍကို ကျန်းမာရေးဝန်ထမ်းများ၊ ကျွမ်းကျင်ပညာရှင်များဖြင့် ဟန်ချက်ညီစွာ လည်ပတ်ခဲ့နိုင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် လားရှိုးမြို့ဒေသခံများက MNDAA အနေဖြင့် ဆေးရုံးရှိ‌ ကျောက်ကပ်ဆေးသည့် စက်ပစ္စည်းများယူ ဆောင်သွားခြင်းအပေါ် ဝေဖန်မှုများရှိနေ၍ ကျန်းမာရေးဌာန ၏တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“ကျောက်ကပ်ဆေးတဲ့ စက်ကို လမ်းခရီးအနီးဆုံးဖြစ်တဲ့ သိန္နီဆေးရုံကြီးမှာ ရွှေ့ပြောင်းထားခဲ့တာ ဖြစ်ပါတယ်၊ ပြီးတော့ အ‌ရေးတကြီးလိုအပ်တဲ့ စက်ပစ္စည်း၊ ဆေးဝါး ၂၀% လောက်ဘဲ ယူသွားခဲ့တာပါ၊ ပြည်သူတွေကို အကောင်းဆုံးလုပ်ပေးခဲ့တဲ့အပေါ် ကျေနပ်အားရပေမဲ့ နိုင်ငံရေးအရ အခုလို မဖြစ်မနေထားခဲ့ရတာကို စိတ်မကောင်းဖြစ်မိပါတယ်” ဟု ပြောသည်။

လားရှိုးမြို့တွင် ကျောက်ကပ်ဝေသနာရှင် အများကြီးရှိနေပြီး တစ်ပတ်ကို လူနာ ၅၀ ခန့် ဆေးရုံးကိုလာရောက် ကျောက်ကပ်‌ဆေး‌နေရကာ တစ်ပတ်အတွင်း ကျောက်ကပ်မဆေးနိုင်လျှင် သေဆုံးသွားနိုင်သည့် လူနာများလည်းရှိကြောင်း သိရသည်။

နိုင်ငံရေးဖိအားများကြောင့် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည့်အတွက်လည်း များစွာဝမ်းနည်းရကြောင်း MNDAA ကျန်းမာရေးဌာနက ဆိုသည်။

MNDAA အနေဖြင့် ကိုးကန့်အထူးဒေသအပြင် လားရှိုးမြို့ကိုပါ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့သော်လည်း တရုတ်နိုင်ငံ၏ ကြားဝင်စွက်ဖက်မှုဖြင့် စစ်ကောင်စီထံသို့ ဧပြီ ၂၂ ရက်တွင် လားရှိုးမြို့အား ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ