Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- စစ်တွေမြို့မှ ရဲတပ်ဖွဲ့ဝင်များ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်း လုံခြုံရေး ယူဆောင်နေမှုများအားတွေ့ရစဉ်။

စစ်တွေဒေသခံများကို အာရက္ခတပ်တော် AA ထိန်းချုပ်နယ်မြေသို့ ပို့ဆောင်ပေးသည့် ပွဲစားများကို စစ်ကောင်စီက ဖမ်းဆီးထားပြီး နောက်ထပ် ပွဲစားများကို အပူတပြင်း လိုက်လံရှာဖွေနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့က စစ်တွေဒေသခံများသည် AA ထိန်းချုပ်ထားသော မြို့နယ်များကို သွားရောက်ရန် ပြင်ဆင်နေချိန်တွင် တိုင်းကြား ခံရမှုကြောင့် စစ်ရှောင် ၃၀ ကျော် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ယင်းနောက် ပို့ဆောင်သူများကို စစ်ကောင်စီက ဖမ်းဆီးထားပြီး နောက်ထပ် ပွဲစားအဖွဲ့များကို စစ်ကောင်စီက စစ်တွေမြို့အတွင်း အပူတပြင်း လိုက်လံ ရှာဖွေနေကြောင်း ဖမ်းဆီးခံရပြီး ပြန်လည် လွတ်မြောက်လာသူများက ပြောသည်။

ပြန်လည် လွတ်မြောက် လာသူတစ်ဦးက “ပွဲစားတွေကို ဖမ်းထားတယ်။ လွတ်မြောက်နယ်မြေတွေကို လိုက်ပို့ပေးတဲ့ ပွဲစားတွေကို အမှတ် ၁ ရဲစခန်းဖမ်းထားတာပါ။ ပွဲစားတစ်ယောက်ကိုတော့ ရိုက်နှက်ထားတော့ မျက်နှာတွေ မဲရောင်နေတယ်။ သွေးတွေကလည်း ထွက်နေတယ်။ ကိုငမဲလုံးဆိုတဲ့ တစ်ယောက်ကို လောလောဖမ်းဆီးထားတယ်။ နောက်ထပ် ၄ ယောက် ကို အပူတပြင်း လိုက်ရှာနေတယ်”ဟုပြောသည်။

စစ်တွေမြို့မှ လွတ်မြောက်နယ်မြေသွားရောက်ဖို့ လူတစ်ဦးကို ပွဲစားခ ငွေကျပ် ၁၁ သိန်း ပေးရပြီး စက်လှေ တစ်စီးတွင် လူပေါင်း ၃၀ ပြည့်မှ တစ်ခေါက် သွားရကြောင်း ပြန်လည် လွတ်မြောက်လာသူများက ပြောသည်။

ထို့အပြင် စစ်တွေမြို့ ပင်လယ်ပြင်တွင် ရှိသည့် စစ်ကောင်စီ နေဗီကို လွတ်မြောက်နယ်သို့ သွားရောက်ရန် စက်လှေတစ်စီးကို ငွေကျပ် သိန်း ၁၅၀ ပေးရသလို စက်လှေတစ်စီး ဌားရမ်းခ ငွေကျပ် ၅၂ သိန်း အထိ ပေးရကြောင်း သိရသည်။

ပြန်လည်လွတ်မြောက်လာသူတစ်ဦးက “ဒီတိုင်းသွားလို့ မရဘူး။ ပွဲစားကနေ တစ်ဆင့် သွားကြရတာ။ အဲ့ဒီမှာ သူတို့အချင်းချင်းပြဿာနာတက်ရင် အကုန်အဖမ်းခံရပြီးတော့ ပေးထားတဲ့ ပိုက်ဆံလည်း တစ်ပြားမှ ပြန်မရဘူး။ အဖမ်းခံရပြန်တော့လည်း ပြန်လွတ်ပေးဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပိုက်ဆံက ပေးရသေးတယ်။ တစ်ချို့ ၁၀ သိန်း ကနေ ၁၅ သိန်းလောက်ပေးရတယ်။ တစ်ချို့ကတော့ မပေးနိုင်ရင် ဖမ်းဆီးပြီး တရားစွဲခံရတယ် “ဟုပြောသည်။

စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ချိန်မှစ၍ စစ်တွေ အဝင်အထွက်များကို ထိန်းချုပ်ထားပြီး လက်ရှိအချိန်တွင် အဝင်အထွင်များကို လုံးဝ ပိတ်လိုက်ပြီး ဖြစ်သည်။

လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ် စစ်တွေမြို့ခံတစ်ဦးက “တရားဝင်သွားလို့ ရတာက လမ်းကြောင်း တစ်ခုပဲ ရှိတယ်။ စစ်တွေကနေ ကျောက်ဖြူ- ရန်ကုန် အဲ့ဒီလမ်းကပဲ သွားလို့ ရတယ်။ အဲဒီလမ်းကြောင်းက လူတစ်ဦး လေယာဉ်လက်မှတ်ခ အရမ်းဈေးကြီးတော့ မသွားကြဘူး။ ပြီးတော့ အဲ့ဒီဖက်က သွားတဲ့သူတွေကလည်း ငွေကြေးအဆင်ပြေမှ သွားလို့ရတာပါ။ သာမာန် လက်လုပ် လက်စားတွေ မသွားကြတော့ဘူး။ မိသားစု ဆွေမျိုးတွေ ရှိမှ သွားလို့ နေလို့ ရတာလေ။ ရန်ကုန်ဘက်ကို သွားဖို့ ဆိုတာကလည်း နေဖို့ ရေရှည်စဉ်းစားကြတာပေါ့။ လွတ်မြောက်နယ်မြေသွားဖို့ လမ်းကလည်း စစ်ကောင်စီက ထွက်ပေါက်တွေကို အကုန် ပိတ်ထားပါ။ အဲ့ဒီတော့ စစ်တွေမြို့မှာ အကုန် ပိတ်မိနေတဲ့ သဘောပါပဲ “ဟုပြောသည်။

လက်ရှိတွင် အာရက္ခတပ်တော် AA က ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ သံတွဲ၊ ဂွ၊ တောင်ကုတ်၊ အမ်း၊ ပလက်ဝ တို့ကို သိမ်းပိုက်ထားသည်။

စစ်ကောင်စီ ထိန်းချုပ်ထားသော မြို့နယ်များမှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တို့ ဖြစ်ပြီး လက်ရှိတွင် စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်များတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများ ဖြစ်ပွားနေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ