ရခိုင်ရိုးမတောင်းတန်းနှင့် နီးကပ်သည့် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့တို့ကြား အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်နေကြကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်းများကို အာရက္ခတပ်တော် AA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းအချို့ကိုလည်း သိမ်းဆည်းရရှိထားသည်။
လက်လွှတ်လိုက်ရသော စစ်ခန်းများအား ပြန်လည်ရရှိရန် အာဏာသိမ်း စစ်ကောင်စီကလည်း ပြည်လမ်းမဘက်မှနေ၍ အင်အား ရာချီပါဝင်သော တပ်ဖွဲ့များဖြင့် AA ပူးပေါင်းတပ်ဖွဲ့များကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
ထိုကြောင့် စစ်ကောင်စီတပ်ဖွဲ့များအား ပြန်လည်ခုခံတိုက်နိုင်ရန် တော်လှန်ရေးတပ်ဖွဲ့များမှ သေချာပြင်ဆင်ထားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း၊ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောသည်။
” ပေါင်းတလည်နယ်ဘက်မှာ ပေါင်ခေါင်းမြို့နယ် ပေါင်းတလည်နားမှာဆိုရင် နတ်တလင်းရွာတို့ဘက်ကို စစ်ကြောင်းထိုးဖို့ လုပ်နေပါတယ်။ ဒီနေ့မှာဆိုရင် စစ်ကားကြီး ၈ စီးလောက်နဲ့ တက်လာပြီးတော့ အင်အား ၂၀၀ ခန့်လောက်နဲ့ပဲ ဒီကောင်တွေ တက်လာတာ ရှိပါတယ်။ ဒါပေမယ့် သူတို့ ဘယ်လောက်ပဲ တက်လာ တက်လာပါ ကျွန်တော်တို့ဘက်ကနေ အဆင်သင့် ဆောင်ရွက်ထားပါတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်များကို ပြန်လည်တိုက်ခိုက်ရန် အာရက္ခတပ်တော် AA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ထားကြောင်း ရဲဘော်ရှဲဒိုးက ဆက်လက် ပြောသည်။
“ကျနော်တို့နဲ့ ရခိုင် AA တပ်တွေနဲ့ ချိတ်ဆက်မှုရှိပါတယ်။ အခုလက်ရှိလည်း ပူးပေါင်းဆောင်ရွက်နေတာမျိုးတွေ ရှိပါတယ်။ ပန်းတောင်းမြို့မှာဆိုရင် စစ်ကောင်စီရဲ့ ကပစ ထုတ်လုပ်ရေးတပ်တွေက အများဆုံး တည်ရှိတဲ့နေရာပေါ့။ အဲဒီနေရာတွေမှာတော့ ရှေ့ဆက်ပြီး စစ်ရေးပြင်းထန်နိုင်ပါတယ်ခင်ဗျာ။ ဘယ်လောက်အထိ စစ်ရေးဖြစ်လာမလဲဆိုတာကတော့ ကျနော်တို့ ကြိုတင်ပြီးတော့မှ မသိရသေးပါဘူး” ဟု ပြောသည်။
AA နှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးတစ်ခစန်းအား သိမ်းပိုက်ထားပြီး စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေရာ ညောင်ခြေထောက်ရှိ ကပစ ၆ နှင့် ကပစ ၉ တို့က စစ်ကူပေးပို့ကာ လက်နက်ကြီးများဖြင့်လည်း စစ်ကူပေးနေကြောင်း သိရသည်။
အာရက္ခတပ်တော် AA သည် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နှင့် ရိုးပေါ်က တပ်စခန်းများကို သိမ်းပိုက်ပြီးနောက် ပဲခူးတိုင်းထဲ ဝင်ရောက်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေခြင်းဖြစ်သည်။
AA သည် ပဲခူး၊ ဧရာဝတီနှင့် မကွေးဘက်တို့တွင်လည်း စစ်ရေးဖော်ဆောင်လျက်ရှိနေပြီး ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ရန် အစီအစဉ် ရှိနေကြောင်းလည်း စစ်ရေးသုံးသပ်သူများက ပြောဆိုထားကြသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ဧရာဝတီမြစ်ကြောတစ်လျှောက်တွင် တည်ထားသော လက်နက်ထုတ်စက်ရုံ ကပစ စက်ရုံများကို ဦးတိုက်ခိုက်နေ၍ AA နှင့် ပူးပေါင်းကာ အပြန်အလှန်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်နေကြခြင်းဖြစ်သည်။