ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ မြောက်ပိုင်း ပြားသားကျေးရွာအနီးတွင် AA နှင့် ARSA အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် AA က ARSA ရှိရာ စခန်းများကို လိုက်လံရှာဖွေနေကြောင်း သိရသည်။
ပြားသားကျေးရွာအနီးတွင် အာရက္ခတပ်တော် AA နှင့် မွတ်ဆလင်လက်နက်ကိုင် ARSA ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
“ပြားသားကျေးရွာနားမှာ အကြမ်းဖက် ARSA နဲ့ အာရက္ခတပ်တော်နဲ့ ဧပြီလ ၂၇ ရက်က တိုက်ပွဲဖြစ်ကြတယ် ပြောပါတယ်။ ထိခိုက်သေဆုံးမှုတွေ မသိရဘူး။ ARSA က စစ်ကြောင်း ထိုးလာလို့ AA နဲ့ ဖြစ်ကြတာပါ”ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ပြားသားကျေးရွာသည် မောင်တောမြို့နှင့် ၃ မိုင်ခန့်သာ ဝေးကွာပြီး ARSA အဖွဲ့က အာရက္ခတပ်တော် AA ရှိရာသို့ စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း နောက်ထပ် ဒေသတစ်ဦးက ပြောသည်။
“အဲဒီနေ့က ပစ်ခတ်မှု တော်တော်လေး ဖြစ်ကြတယ် ပြောရမယ်။ ARSA ရဲ့ စစ်ရေးလှုပ်ရှားမှုက မြို့အနီးကို ကပ်လာနေတယ်” ဟု ပြောသည်။
ထိုကြောင့် အာရက္ခတပ်တော် AA က ARSA စခန်းရှိနေရာများကို လိုက်လံရှာဖွေနေပြီး နယ်မြေရှင်းလင်းရေးလုပ်နေကြောင်းလည်း မောင်တောဒေသခံတစ်ဦးက ထပ်မံပြောသည်။
“မောင်တောခရိုင်ကို AA က သိမ်းပိုက်ပြီးကတည်းက ARSA အဖွဲ့တွေကို ရှာဖွေရှင်းလင်းနေတာ။ ဒီရက်ပိုင်း တိုက်ပွဲတွေဖြစ်တော့ ပိုပြီးတော့ အင်တိုက်အားတိုက် AA က ရှာဖွေနေပါတယ်။ ARSA စခန်းရှိနိုင်တဲ့ နေရာတွေကို အကုန်လုံးကို ရှာဖွေရှင်းလင်းနေတာ” ဟု ပြောသည်။
ARSA အဖွဲ့သည် မွတ်ဆလင်စစ်သွေးကြွများမှ စုဖွဲ့ထားသော အဖွဲ့တစ်ခုဖြစ်ပြီး ၎င်းတို့၏ ခေါင်းဆောင်ကြီး အာတာအူလာ ဖမ်းဆီးခံရပြီးနောက် ရခိုင်ပြည် မောင်တော၊ ဘူးသီးတောင်တို့တွင် စစ်ရေးလှုပ်ရှားမှု ပိုပြုလုပ်လာကြောင်း သုံးသပ်သူများက ပြောသည်။
“ARSA အဖွဲ့က မောင်တောမြို့နယ်မှာ အရက်သားပြည်သူတွေကို သတ်ဖြတ်တာ၊ နှောင့်ယှက်တာနဲ့ အာရက္ခတပ်တော် AA ကို ပိုတိုက်ခိုက်လာကြတယ်။ သူတို့ခေါင်းဆောင် အဖမ်းခံရပြီးနောက် ကျန်ရှိတဲ့သူတွေက စုဖွဲ့ပြီး အကြမ်းဖက်လှုပ်ရှားမှုတွေ ပိုလုပ်လာတယ်။ ဒေသခံပြည်သူတွေကလည်း စိုးရိမ်နေကြပါတယ်။ ဒီထက် ပိုမဆိုးလာအောင် AA က သေချာ လုပ်ဖို့လိုပါတယ်” ဟု ပြောသည်။
ARSA အဖွဲ့ ခေါင်းဆောင် အာတာအူလာနှင့် အဖွဲ့ဝင် ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မတ်လအတွင်းမှာ ဖမ်းဆီးခဲ့ပြီး တရားစီရင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်။
အာတာအူလာ ဖမ်းဆီးခံရပြီးနောက် ကျန်ရှိ ARSA အဖွဲ့များမှ အကြမ်းဖက်မှုများ ပိုပြုလုပ်လာပြီး မတ်လ ၂၉ ရက် နံနက်ပိုင်းက ခမီလူမျိုး ဒေသခံအရပ်သားအမျိုးသား ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်ကာ ရုပ်အလောင်းများကို စွန့်ပစ်ထားခဲ့ကြသည်။
ARSA တပ်ဖွဲ့ဝင်များ ခြုံခိုပစ်ခတ်ခိုက်၍ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင် ၂ ဦးသေဆုံး သွားသည့် ရုပ်သံဖိုင်တစ်ခုလည်း မတ်လ ၂၉ ရက်နေ့က ARSA အဖွဲ့၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ထုတ်လွှင့်ထားသည်။
AA တပ်ဖွဲ့ဝင် ၂ ဦးမှာ နယ်မြေလုံခြုံရေးကင်းလှည့်နေစဉ် ခြံခိုတိုက်ခိုက်ခံရ၍ သေဆုံးသွားခြင်းဖြစ်သည်ကို တွေ့ရသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ကလည်း လူပျောက်သွားရှာသော AA ၏ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးကို ARSA အဖွဲ့က ဘူးသီးတောင်မြို့နယ် ဂုံးနားကျေးရွာအနီးတွင် ခြုံခိုတိုက်ခိုက်ခဲ့၍ AA လုံခြုံရေးတပ်ဖွဲ့ဝင် ၁ သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာ ရရှိခဲ့သည်။
ဘူးသီးတောင်၊ မောင်တော ဒေသတွင် ARSA အဖွဲ့သည် ဒေသခံပြည်သူများအား မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း အပြင် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များကိုလည်း မကြာခဏ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။