ရှမ်းပြည်တပ်မတော် SSPPနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တို့ကြား စစ်ရေးတင်းမာနေမှု တွေ့ဆုံဖြေရှင်းကြမည်ဟု SSPP ၏ ယနေ့ ဧပြီလ ၃၀ ရက် ထုတ်ပြန်သည်။
ဧပြီလ ၂၈ ရက်နေ့က အောက်ခြေအဆင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တိုက်ခိုက်မှုကြောင့် နှစ်ဖက်စလုံးတွင် တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိသည့် အခြေအနေဖြစ်ခဲ့ကြသည်ဟု ပြောသည်။
ဧပြီလ ၂၈ ရက်နှင့် ၂၉ ရက် နှစ်ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်က တော်ဟိုင်းရွာ၊ ဟူးမြီရွာ၊ နားနန်း၊ စိန်ကျော့ အပါအဝင် နေရာရှစ်ခုမှာထိတွေ့တင်းမာမှု ၈ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
SSPP ၏ ထုတ်ပြန်ချက်ထဲတွင် “နှစ်ဖက်တပ်တွေ ရုန်းရင်းဆန်ခတ်ဖြစ်လို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကြောင့် နှစ်ဖက်ဗဟိုအဆင့် တွေ့ဆုံဖြေရှင်းကြမယ်” ဟု ပြောဆိုထားသည်။
SSPP ထိန်းချုပ်ရာဒေသသို့ ကိုးကန့်တပ် MNDAA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ဖြတ်သန်းသည့်အခါ ဘာသာစကားနား မလည်ခြင်းကြောင့်နှင့် MNDAA ဗဟိုအဆင့်က တရားဝင်အကြောင်းကြားမှု မရှိခြင်းကြောင့် ထိတွေ့တင်းမာမှုများ ဖြစ်သည်။
အဆိုပါ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုနှင့်ပတ်သက်၍ ကိုးကန့်တပ် MNDAA က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပေ။ SSPP ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းဖုန်းဟန်ကို Western News က ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။