Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- အမ်းမြိုနယ်၊ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား အာရက္ခတပ်တော်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ရုပ်သံမှတ်တမ်း

ရခိုင်ရိုးမပေါ်နှင့် ရိုးတောင်ခြေရင်းတွင် သိမ်းပိုက်ထားသော အာရက္ခတပ်တော် AA နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF များ နေရာများ၊ စခန်းများကို စစ်ကောင်စီက ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတို့တွင် တိုက်ပွဲပြင်းထန်ရှိနေပြီး လက်လွတ်ခဲ့ရသော နေရာများကို စစ်ကောင်စီက ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

CDM ဗိုလ်ကြီးဇင်ယော်က “ပန်းတောင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ နှစ်ဖက်စလုံး စစ်ရေးတင်းမာနေကြတယ်။ AA ရဲ့ တပ်မှူးတွေနဲ့ သိတော့ သူတို့ဆီကနေတစ်ဆင့် သိရတာ။ ဒါပေမယ့် အဲဒီဖက်မှာ သူတို့ သတင်းထုတ်ပြန်တာ မရှိကြဘူး။ စစ်ကောင်စီကလည်း အရင်က စက်ပေါ်ကနေ အလုပ်လုပ်တာ။ အခု လိုင်းပေါ်ကနေ အလုပ်လုပ်နေတော့ စစ်ရေးအခြေအနေက အတိအကျသိရဖို့ ခက်နေတယ်” ဟု ပြောသည်။

ရခိုင်ပြည် အမ်းမြို့နယ်ဧရိယာထဲ ရိုးမတောင်တန်းပေါ်က စစ်ကောင်စီ၏ ဂုတ်စည်းစခန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး ထိုစခန်းအား ပြန်လည်ရရှိနိုင်ရန် စစ်ကောင်စီက ထိုးစစ်ဆင်လာကြောင်း သိရသည်။

ဂုတ်စည်းစခန်းအား ပြန်လည်ရရှိနိုင်ရေး စစ်ကောင်စီ၏ တပ်မ ၉၉ မှ ဗိုလ်မှူးချုပ်နိုင်ဝင်း ဦးဆောင်ကာ နတ်ရေကန်တောင်အောက်ခြေတွင် အင်အားစုစည်းနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

အမ်းမြို့နယ်နှင့် မကွေးတိုင်း ငဖဲမြို့နယ်အစပ် အမ်း-ပဒါန်းလမ်းတွင်ရှိသော စစ်ကောင်စီ၏ ဂုတ်စည်းစခန်းကို အာရက္ခတပ်တော် AA က ၂၀၂၅ ဖေဖော်ဝါရီလ ၂ ရက်နေ့က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ရိုးမ တောင်တန်းအစပ် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးတပ်စခန်းကိုလည်း အာရက္ခတပ်တော် AA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီး ထိုစခန်းအား စစ်ကောင်စီက ပြန်လည်ရရှိနိုင်ရန် ပြည်လမ်းဘက်မှနေ၍ ထိုးစစ်ဆင်တိုက်ခိုက်လာကြောင်း သိရသည်။

ပြန်လည်ထိုးစစ်ဆင်လာသော စစ်ကောင်စီ စစ်ကြောင်းများကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်က အဓိက ဖြတ်တောက် တိုက်ခိုက်နေပြီး စစ်ကောင်စီ၏ ထိုးစစ်များကို ပြန်ခုခံရန် သေချာပြင်ဆင်ထားကြောင်းလည်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း၊ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောသည်။

“အခု ပေါင်းတလည်နယ်ဘက်မှာ ပေါင်ခေါင်းမြို့နယ် ပေါင်းတလည်နားမှာဆိုရင် နတ်တလင်းရွာတို့ဘက်ကို စစ်ကြောင်းထိုးဖို့ လုပ်နေပါတယ်။ ဒီနေ့မှာဆိုရင် စစ်ကားကြီး ၈ စီးလောက်နဲ့ တက်လာပြီးတော့ အင်အား ၂၀၀ ခန့်လောက်နဲ့ပဲ ဒီကောင်တွေ တက်လာတာ ရှိပါတယ်။ ဒါပေမယ့် သူတို့ ဘယ်လောက်ပဲ တက်လာ တက်လာပါ ကျွန်တော်တို့ဘက်ကနေ အဆင်သင့် ဆောင်ရွက်ထားပါတယ်” ဟု ရဲဘော်ရှဲဒိုးက ဧပြီလ ၂၉ ရက်နေ့တွင် ပြောဆိုထားသည်။

ဧရာဝတီတိုင်းထဲတွင်လည်း ရခိုင်ရိုးမနှင့်အစပ်ရှိ ငါးသိုင်းချောင်းမြို့နယ်၊ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် အာရက္ခတပ်တော် AA နှင့် PDF များ ထိန်းချုပ်ထားသော နေရာများကို အာဏာသိမ်း စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်လာ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း ဧရာဝတီသတင်းရင်းမြစ်က ပြောသည်။

လေးမျက်နှာမြို့နယ် ဝက်ကုန်း၊ စမ်းကုန်း၊ တုံးတော၊ ရှားတောစု စသည့်ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ထိန်းချုပ်ထားသည်။

ထိုနေရာများမှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်များမှာ ပုသိမ်-မုံရွာလမ်း အရှေ့ဘက်ရှိ ပန်းတောကြီးကျေးရွာတွင် တပ်စွဲထားပြီး အင်အားထပ်မံဖြည့်တင်းကာ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်။

သို့သော်လည်း AA နှင့် PDF များ၏ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်များမှာ ရှေ့မတိုးနိုင်ဘဲ ပြန်လည်ဆုတ်ခွာရကြောင်းလည်း သိရသည်။

ဧရာဝတီ၏ ငသိုင်းချောင်း၊ ရေကြည်နှင့် လေးမျက်နှာတို့တွင် AA နှင့် PDF များ ဝင်ရောက်လာ၍ စစ်ကောင်စီသည် ဒေသခံပြည်သူများအား သွားလာမှုတင်းကျပ်ခြင်း၊ စစ်ဆေးရေး ပိုလုပ်ခြင်းနှင့် စစ်မှုထမ်းသစ် စုဆောင်းလျက်ရှိကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီ ဒေသများမှ လက်လွှတ်ဆုံးရှုံးထားသော နေရာများ၊ တပ်စခန်းများအား ထိုးစစ်ဆင်ရာတွင် လေကြောင်းတိုက်ခိုက်မှုများကို အဓိက အသုံးပြုကာ မြေပြင်စစ်ကြောင်းများအား လမ်းဖွင့်ပေးနေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ