မကွေးတိုင်း ငဖဲမြို့နယ် ပဇီကျေးရွာမှ ထွက်လာသော စစ်ကောင်စီတပ် အင်အား ၂၀ ကျော်ပါသော စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးချင်းကာကွယ်ရေးတပ် – အရှို CDF Asho က ထုတ်ပြန်သည်။
ယမန်နေ့ ဧပြီလ ၃၀ ရက် နံနက် ၈ နာရီတွင် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကာကင်းဖြစ်သော ငဖဲမြို့နယ် ပဇီကျေးရွာရှိ စစ်ကောင်စီ စစ်ကြောင်းကို CDF Asho က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသွားကြောင်းနှင့် MA အမျိုးအစား လက်နက်ငယ် ၉ လက်၊ ကျည်ဘောက်နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရမိကြောင်း ယနေ့ မေလ ၁ ရက်တွင် ထုတ်ပြန်သည်။
နတ်ရေကန်တပ်စခန်း မကျစေရေးအတွက် အာဏာသိမ်း စစ်ကောင်စီတပ်သည် ပဇီကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားပြီး ကပစ ၁၃ မှ တပ်သားများ လုံခြုံရေးဆောင်ရွက် လာရောက်စဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပဇီကျေးရွာတွင် စစ်ကောင်စီ၏ တပ်မ ၉၉၊ ကပစ ၂၊ ကပစ ၁၀၊ ကပစ ၁၃ နှင့် ကပစ ၁၄ တို့မှ အင်အား ၁၃၀ ခန့် တပ်စွဲနေကြောင်း CDF Asho က ထုတ်ပြန်ထားသည်။
CDM ဗိုလ်ကြီးဇင်ယော်က ကပစ စက်ရုံးများရှိ တပ်အင်အားကို ရှေ့တန်းသို့ ပို့ဆောင်ပေးနေရသည့်အတွက် စစ်ကောင်စီ၏ ကပစ စက်ရုံမှ လက်နက်ထုတ်လုပ်မှုများ ထက်ဝက်ခန့် လျော့ကျသွားကြောင်း ပြောသည်။
“ကပစ စက်ရုံတွေကတော့ ပျမ်းမျှအားဖြင့် စက်ရုံတစ်ရုံမှာ အင်အား ၈၀၀ လောက်ရှိတယ်ပေါ့နော်။ အခုဆိုရင် အပြင်လုံခြုံရေး၊ နယ်မြေစိုးမိုးရေးတွေကို တစ်ဝက်လောက်ပေါ့နော် ၄၀၀, ၄၅၀ လောက် လွှတ်ထားရတာဆိုတော့ ထုတ်လုပ်ရေးက ရာနှုန်း ၅၀ လောက်ပဲ ရရှိအောင် မနည်းလည်ပတ်နေတယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။ ဒါ စက်ရုံအားလုံးကို ခြုံငုံပြီး ပြောရတာပါ။ စက်ရုံက ၂၅ ရုံရှိပြီး သဘောသဘာဝတွေ မတူကြတော့ တစ်ရုံချင်းစီ ပြောပြဖို့တော့ အင်မတန်ခက်ခဲပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က Western News ကို သုံးသပ်ထားသည်။
ရခိုင်ရိုးမတောင်းတန်းနှင့် ဆက်စပ်နေသော မကွေးတိုင်း ငဖဲမြို့နယ်၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်နှင့် ဧရာဝတီတိုင်းထဲက ငါးသိုင်းချောင်း၊ ရေကြည်၊ လေမျက်နှာမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် AA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။
အာရက္ခတပ်တော် AA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ ထိန်းချုပ်သိမ်းပိုက်ထားသော တပ်စခန်းများ၊ နေရာများကို အာဏာသိမ်း စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာ၍ တိုက်ပွဲပြင်းထန်နေကြခြင်းဖြစ်သည်။