ပြည်ပရောက် မြန်မာအလုပ်သမားများကို ကာကွယ်စောင့်ရှောက်နိုင်ရန် နိုင်ငံတကာမှာ အလုပ်သမားသံအရာရှိများ ခန့်အပ်တာဝန်ပေးထားပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
ထို့အပြင် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံ မရှိသည့်နိုင်ငံများတွင် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကာကွယ်စောင့်ရှောက် ပေးလျက်ရှိသည်ဟု မင်းအောင်လှိုင်က ပြောသည်။
ယနေ့ မေလ ၁ ရက်နေ့တွင် ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ သဝဏ်လွှာတွင် မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“ပြည်ပရောက် မြန်မာအလုပ်သမားများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အလုပ်သမား သံအရာရှိများ ခန့်အပ်တာဝန်ပေးထားပြီး အလုပ်သမားသံအရာရှိ မရှိသည့်နိုင်ငံများတွင် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်” ဟု ပြောဆိုထားခြင်းဖြစ်သည်။
မင်းအောင်လှိုင်၏ ပြောစကားများမှာ လက်ခံနိုင်စရာမရှိဘဲ အလုပ်သမားများထံမှ ငွေညှစ်တောင်းစားနေခြင်းသာဖြစ်ကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူ AAC ကိုရဲမင်းက ထောက်ပြထားသည်။
“စစ်ကောင်စီရဲ့ ပြောစကားက တကယ်ကို ဟာသတစ်ခုပါပဲ။ ခေတ်အဆက်ဆက် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက အလုပ်သမားတွေတွက် အားကိုးရာ၊ ခိုလုံရာ မရောက်ဘူး။ သံရုံးက အခွန်အခ တွေတောင်းဖို့ပဲ သိတယ်။ ထောက်ခံစာသွားထုတ်ရင်တောင် ငွေညှစ်တယ်။ ပွဲစားတွေနဲ့ တစ်ဖက်လှည့် ငွေတောင်းတယ်။ ပုံစံမျိုးစုံနဲ့ အလုပ်သမားတွေကို ဒုက္ခပေးဖို့ နေ့စဉ်ကြံစည်နေတဲ့ ရုံးဖြစ်တယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက အလုပ်သမားအရေးကို ထိထိရောက်ရောက် ဖြေရှင်းပေးတာ မရှိသလောက်ရှားတယ်” ဟု ပြောသည်။
ထိုအပြင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိသားစုထံ တရားဝင်လမ်းကြောင်းမှ တစ်ဆင့် ငွေလွှဲပို့ပေးကြရန်လည်း မင်းအောင်လှိုင်က မိန့်ခွန်းတွင် ပြောဆိုထားသည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများထံမှ လစာ၏ ၂၅ ရာခိုင်နှုန်းကို အာဏာသိမ်း စစ်ကောင်စီက အခွန်ကောက်ခံနေသော်လည်း ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေးကို ထိထိရောက်ရောက် ကူညီဖြေရှင်းပေးခြင်းမရှိကြောင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားများက ပြောသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ရွှေ့ပြောင်း မြန်မာအလုပ်သမားတစ်ဦးက “စစ်ကောင်စီဟာ ကျွန်တာ်တို့ အလုပ်သမားတွေ သူများနိုင်ငံမှာ အနှိမ်ခံရတယ်။ အလုပ်သမားအခွင့်ရေး အပြည့်အဝမရတာတွေကို စစ်ကောင်စီက သိပေမဲ့ တခါမှ ကာကွယ်စောင့်ရှောက် ပေးခဲ့တာမရှိပါဘူး။ အခုသူ ပြောနေတဲ့စကားတွေက ကာကွယ်ပေးတယ်ဆိုတဲ့စကားက အလိမ်အညာစကားပဲဖြစ်တယ်။ ကျွန်တော်တို့မှာ အလုပ်သမားအရေး ပြဿနာကို ဒီက အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့စည်းတွေပဲ ဖြေရှင်းပေး နေတာ” ဟု ပြောသည်။
ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံတကာရောက် မြန်မာအလုပ်သမားများမှာ အလုပ်သမားအခွင့်ရေး တစ်စုံတစ်ရာမရရှိဘဲ ဖြေရှင်းပေးရန် အစိုးရမရှိသလို နိုင်ငံမဲ့ဖြစ်နေသည်ဟုလည်း အလုပ်သမားများက ပြောဆိုကြသည်။
“ထိုင်းမှာ အလုပ်သမားပြသာနာဖြစ်ပြီးဆို ကူညီဖြေရှင်းပေးမယ့် အစိုးရဆိုတာ မရှိဘူး။ ထိုင်းရောက် အလုပ်သမားတွေမှာ အစိုးရမရှိသလို ဖြစ်နေတာဟာ တကယ့် အခက်ခဲတစ်ခုပဲ” ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
အလုပ်သမားများ၏ ဗီဇာသက်တမ်းတိုး လုပ်ငန်းစဉ်များကို လျော့ချရန်၊ ငလျင်ကြောင့် ဘန်ကောက်မြို့တွင် သေဆုံးသွားသော အလုပ်သမားများအတွက် ကူညီဆောင်ရွက်ပေးရန်နှင့် နစ်နာကြေးများပေးအပ်ရန် ပါဝင်သည့် အချက်သုံးချက်ကိုလည်း ဘန်ကောက်ရှိ မြန်မာအလုပ်သမားများနှင့် အလုပ်သမားအရေးဆောင်ရွက်နေသူများမှ တောင်းဆိုထားကြသည်။
အာဏာသိမ်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်အများစုမှာ စစ်မှုထမ်းကို ရှောင်းတိမ်းရန် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ခြင်း များပြားလာသည်။