၂၀၂၁ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်က လူ ၅၆၉ ဦးသေဆုံးခဲ့ရပြီး ၄၅၂ ဦး ဖမ်းဆီးခံထားရသည်ဟု အမည်နှင့်တကွအတည်ပြုနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ယနေ့ မေလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
မြန်မာစစ်တပ်မှ ၂၀၂၁ အာဏာသိမ်းပြီးချိန်မှ ၂၀၂၅ ဧပြီလ ၃၀ ရက်အထိ ကောက်ယူထားသော စာရင်းဖြစ်ကြောင်းလည်း AAPP က ဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးခဲ့ရသူများနှင့် ဖမ်းဆီးခံရသူများ စာရင်းအား AAPP က တိုင်းနှင့်ပြည်နယ်အလိုက် ထုတ်ပြန်ထားပြီး ရန်ကုန်နှင့် စစ်ကိုင်းတိုင်းက ဖမ်းဆီးခံရမှု၊ သေဆုံးမှု များပြားကြောင်း တွေ့ရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးခဲ့ရသူများမှာ ၆၅၈၉ ဦးရှိပြီး ဖမ်းဆီးခံရသူများမှာ ၂၉၀၉၄ ဦးရှိကြောင်း AAPP က ထုတ်ပြန်ထားသည်။
သေဆုံးသူ ၆၅၈၉ ဦးထဲမှ ၂၃ ရာခိုင်နှုန်းကျော်ရှိသော ၁၅၄၉ ဦးမှာ အမျိုးသမီးဖြစ်ပြီး ၁၁ ရာခိုင်နှုန်းကျော်ရှိသော ၇၇၂ ဦးမှာ ကလေးငယ်များဖြစ်ကြောင်းနှင့် ၃၁ ရာခိုင်နှုန်းကျော်ရှိသော ၂၀၄၅ ဦးမှာ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရသူများဖြစ်သည်။
အဆိုပါ သေဆုံးသူများစာရင်းမှာ AAPP က အတည်ပြုထားနိုင်သည့် အရေအတွက်ဖြစ်ပြီး အတည်ပြုရန် လိုအပ်နေဆဲ အရေအတွက် ၃၄၅၀ ဦးမှာ သီးခြားပြုစုထားကြောင်းလည်း သိရသည်။
ဖမ်းဆီးခံရသည့် ၂၉၀၉၄ ဦးထဲမှ ၂၀ ရာခိုင်နှုန်းကျော်သော ၆၀၃၀ ဦးမှာ အမျိုးသမီးများဖြစ်ကြောင်းနှင့် ၂ ရာခိုင်နှုန်းကျော်ရှိသော ၆၀၂ ဦးမှာ ကလေးငယ်များဖြစ်ကြောင်း သိရသည်။
ယင်းဖမ်းဆီးခံရမှုများထဲမှ အမျိုးသမီး ၄၂၄၄ ဦးနှင့် ကလေး ၂၃၄ ဦးအပါအဝင် ၂၂၁၈၇ ဦးမှာ ထိန်းသိမ်းချုပ်နှောင်ခံနေရဆဲဖြစ်ကြောင်း AAPP က ပြောသည်။
သေဆုံးသူအများဆုံး တိုင်းနှင့်ပြည်နယ် စာရင်းထိပ်မှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်တို့ ပါဝင်ပြီး အောက်ဆုံးမှာ နေပြည်တော်၊ ဧရာဝတီ၊ ကယားတို့ ဖြစ်သည်။
ဖမ်းဆီးခံရသူအများဆုံး တိုင်းနှင့်ပြည်နယ် စာရင်းထိပ်မှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းတို့ပါဝင်ပြီး အောက်ဆုံးမှာ ကယား၊ ချင်း၊ နေပြည်တော်၊ ရခိုင်နှင့် ကရင်ပြည်နယ်တို့ ဖြစ်သည်။
အဆိုပါ သေဆုံးသူများနှင့် ဖမ်းဆီးခံရသူများမှာ အာဏာသိမ်း စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေများကြောင့် ဖြစ်သည်ဟု AAPP က ပြောသည်။