Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

နိုင်ငံ့အာဏာကို လက်နက်အားကိုးဖြင့် မတရားသိမ်းပိုက်ထားသော မြန်မာစစ်တပ်နှင့် ပြည်သူကြား ခိုင်မာသည့် ပေါင်းစည်းအားရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ဧပြီလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ၂၀၂၅ခုနှစ်ညီလာခံ မိန့်ခွန်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်က ချမှတ် ထားတဲ့ ‘ပြည်သူ့စစ် မဟာဗျူဟာ’ ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် တပ်မတော်နဲ့ပြည်သူကြားမှာ ခိုင်မာတဲ့ ပေါင်းစည်းအားရရှိဖို့ ဆက်လက်ကြိုးပမ်း ပုံဖော်ပေးသွားမယ်” ဟု မင်းအောင်လှိုင်က ပြောသည်။

တပ်မတော်၏ နိုင်ငံတော်နှင့်ပြည်သူအပေါ် ထားရှိသော စစ်မှန်သည့်သဘောထားများကို ပြည်သူများသိရှိရန်အတွက် တပ်မတော်တစ်ရပ်တည်း လုပ်ဆောင်ခြင်းထက် ပြည်သူများတွင် ရှိနေသည့် စစ်မှုထမ်းဟောင်းအဖွဲ့များ၏ စည်းရုံးရေးစွမ်းရည်ကို မောင်းနှင်အားအဖြစ် ထိရောက်စွာအားပြုနိုင်ရမည်ဟု ဆိုသည်။

မြန်မာစစ်တပ်သည် ပြည်သူက ပေါက်ဖွားလာသည့် တပ်မတော်ဖြစ်သည်နှင့်အညီ ပြည်သူနှင့်တစ်သားတည်းရှိရန် လိုအပ်ကြောင်းလည်း မင်းအောင်လှိုင်က ထပ်လောင်း ပြောဆိုထားသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဆိုသည်မှာ တပ်မတော်သားဟောင်းများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြည်သူများနှင့် အမြဲထိတွေ့မှုရှိနေသည့်အတွက် တပ်မတော် နှင့်ပြည်သူအကြား ပေါင်းကူး တံတားသဖွယ် ဆောင်ရွက်သွားကြရမည်ဟု စစ်မှုထမ်းဟောင်းများကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

လာမည့် ဒီဇင်ဘာလမှာ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပမည်နှင့် ကိုဗစ်ကပ်ဘေး အခက်အခဲ၊ ငလျင်ဘေး အခက်အခဲ၊ စစ်ပွဲများ၏ အကျိုးဆက် အခက်အခဲများကို စည်းစည်းလုံးလုံး ဖြတ်ကျော်ကြမည်ဟုလည်း မင်းအောင်လှိုင်က ဆိုသည်။

တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး ပြည်သူလူထုစိတ်အေး ချမ်းသာစွာ လုပ်ကိုင် စားသောက်နေထိုင်နိုင်မည်ဆိုပါက လူမှုစီးပွားဘဝများသည် မလွဲမသွေ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် စဉ်ဆက်မပြတ် မျက်စိကိုဖွင့် နားကိုစွင့်ထားကြရန် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကို မင်းအောင်လှိုင်က ပြောဆိုထားခြင်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ