Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဓါတ်ပုံ- APM

(လုံခြုံရေး အာမခံချက်မရှိသလို ထောက်ပြ ဝေဖန် သတင်းရေးပါက အဖမ်းခံရနိုင်)

အာရက္ခတပ်တော် AA ထိန်းချုပ်နယ်မြေများတွင် သတင်းသမားများ၏ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ သတင်းရယူခွင့်တို့အား ကန့်သတ်ထိန်းချုပ်မှုများ ရှိနေကြောင်း သတင်းသမားများက ပြောသည်။

အာရက္ခတပ်တော် AA သည် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ပလက်ဝမြို့နယ်များကို ထိန်းချုပ်ထားသည်။

ယင်းမြို့နယ်များကို အာရက္ခတပ်တပ်တော် AA က သတင်းရရှိခွင့် ကန့်သတ် ထိန်းချုပ်ထာပြီး တစ်ချို့မြို့နယ်များကိုမူ သတင်းရယူခွင့် လုံးဝ ပိတ်ပင် တားဆီထားကြောင်း သတင်းသမားများက ပြောသည်။

အာရက္ခတပ်တော် AA အနေဖြင့် သတင်းရယူခွင့် ကန့်သတ်ချုပ်ချယ်သည်ဟု တရားဝင်ပြောဆိုမှုများ မရှိသော်လည်း အာရက္ခတပ်တော်က ခြိမ်း‌ခြောက်မှု‌များ ရှိလာမည်ကို သတင်းမီဒီယာများနှင့် သတင်းထောက်များအကြား သတင်းရေးသားရာမှာ စိုးရိမ်စိတ်နှင့် ကြောက်စိတ်များ ရှိနေကြသည်။

လေဝတီ FM သတင်းဌာနမှ အယ်ဒီတာ မကေဇူး က ” အခုက ရခိုင်ပြည် ဒေသခံတွေကလည်း AA မှ မဟုတ်ဘူး။ ဘယ်လက်နက်ကိုင်မဆို ကြောက်နေကြတော့ သတင်းမပြောရဲ မဆိုရဲ ဖြစ်နေတော့ မြေပြင်အခြေနေတွေကို မသိရဘူး။ နောက်တစ်ခု AA နဲ့ အဆင်မပြေမှာကို ကြောက်လို့ သတင်းတွမပြောရဲဘူး။ အဲ့လိုဆိုတော့ ရခိုင်ပြည်မှာ အင်တာနက်သုံးခွင့်ရနေတဲ့ ဒေသခံတွေက AA ရဲ့လုပ်ဆောင်ချက်တွေကို ဖုံဖိထားသလိုဖြစ်တယ်။ မီဒီယာကို ဆန့်ကျင့်လာသလို ဖြစ်နေတာပေါ့။ ဒါကလည်း သူတို့ လုံခြုံရေးအရ ဖြစ်နိုင်တာလဲ ရှိမယ်” ဟု ပြောသည်။

အာရက္ခတပ်တော် AA မှ ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေးယန္တရားဖော်ဆောင်နေချိန်မှာ သတင်းမီဒီယာ၏ အခန်း ကဏ္ဍသည်လည်း ရေးသားဖော်ထုတ် တင်ပြပေးနေမှသာ အားလုံးပါဝင်သည့် စနစ်တစ်ခုကို အကောင်ထည် ဖော်နိုင်မည်ဟု မကေဇူး က ဆိုသည်။

ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအား ရည်မှန်းချက်ထားသော အဖွဲ့အစည်းများအနေဖြင့် သတင်းမီဒီယာလွတ်လပ်ခွင့် စံနှုန်းများ၊ တန်ဖိုးများအား လေးစားပြီး သတင်းလွတ်လပ်ခွင့် ကျင့်သုံးရန် လိုအပ်ကြောင်းလည်း သတင်းစာဆရာများက တိုက်တွန်းနေကြသည်။

တိုက်ပွဲဖြစ်ပွားရာ ဒေသအသီးအသီးရှိ နယ်မြေထိန်းချုပ်နိုင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းများကလည်း လွတ်လပ်စွာ သတင်းရယူခွင့်မရှိဘဲ သတင်းသမားများကို စောင့်ကြည့် ထိန်းချုပ်‌‌မှုများ ရှိနေကြောင်း သိရသည်။

AA က အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအမည်ဖြင့် အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်နေချိန်တွင် လုံခြုံရေးအကြောင်းပြချက်များနှင့် သတင်းရယူခွင့်ဆိုင်ရာ မူဝါဒများအပေါ် ကန့်သတ်မှု‌‌‌နှင့် ပြည်သူများ၏ သတင်းအချက်အလက်သိရှိခွင့်ကို ပိတ်ပင်တားဆီးမှုသည် ရေရှည်အနာဂတ်မှာ မဖြစ်သင့်သည့် အခြေနေတစ်ခုဟု သတင်းစာဆရာများ ပြောသည်။

သတင်းစာဆရာ ဦမြင့်ကျော်က “ရခိုင်ပြည်မှာ သတင်းမီဒီယာတွေရှိတယ်။ ဒါပေမယ့် ရခိုင်အခြေနေက ကျွန်တော်ကြားသိရသလောက် ဥပမာ ကရင်နီတို့ ချင်းတို့လို ဒေသတွေထက်စာရင် သတင်းလွတ်လပ်ခွင့်အပေါ် ထိန်းချုပ်မှုနဲ့ ကန့်သတ်မှုတွေ ပိုများတာတွေ့ရတယ်။ အခုက စစ်ကောင်စီတင်မက တိုင်းရင်သားလက်နက်ကိုင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အဖွဲ့စည်းတွေက စောင့်ကြည့်လာတယ်။ ဒီဟာတွေက ရေရှည်မှာ ဒါမျိုးမဖြစ်သင့်ဘူး။ ဒီလိုတွေ မဖြစ်ရအောင် ရခိုင်ပြည်နယ်က သက်ဆိုင်တဲ့ နိုင်ငံရေးသမားတွေ၊ အရပ်ဘက်လူမှုအဖွဲ့စည်းတွေက ဝိုင်းဝန်းတိုက်တွန်း တောင်းဆိုသင့်တယ်” ဟု ပြောသည်။

ရခိုင်‌‌ပြည်မှာ အင်တာနက်၊ ဖုန်းလိုင်း ဖြတ်တောက်ခံထားရသည့်အတွက် ပြည်သူများမှာ သတင်းအချက်အလက် မှန်ကန်စွာရရှိရန် ခက်ခဲနေကြပြီး သတင်းသိပိုင်ခွင့်များမှာလည်း များစွာ ဆုံးရှုံးနေရသည်။

လက်ရှိ AA ထိန်းချုပ်ထားသော နယ်မြေများတွင် သတင်းထောက်များ အနေဖြင့် လုံခြုံရေး အာမခံချက်မရှိသလို ထောက်ပြ ဝေဖန်သတင်းရေးပါက အဖမ်းခံရမှာ သေချာကြောင်း ရခိုင်ပြည် မြေပြင်တွင် သတင်းယူနေသည့် အမည်မဖော်လိုသည့် သတင်းသမားတစ်ဦးက ပြောသည်။

“ရခိုင်ပြည်တွင်းမှာ လက်ရှိနေထိုင်ပြီး သတင်းလုပ်ငန်းတွေကို လုပ်ဆောင်နေကြတဲ့ ကျနော်အပါအဝင် သတင်းထောက်တွေအနေနဲ့ လုံခြုံရေးအာမခံချက်မရှိဘူးလို့ ပြောလို့ရတယ်။ သတင်းရေးသားမှု လွတ်လပ်ခွင့်လည်းပဲမရှိဘူး။ ဘာကြောင့်လည်းဆိုတော့ ရခိုင်မှာ အင်တာနက်၊ ဖုန်းလိုင်း ဖြတ်တောက်ထားတာကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ အင်တာနက်၊ ဖုန်းလိုင်းတွေဆိုတာက ပြည်သူလူထုရယူသုံးစွဲပိုင်ခွင့်ရှိတဲ့ ဒီမိုကရေစီအခွင့်အရေးဖြစ်တယ်။ ဖုန်းလိုင်း၊ အင်တာနက်ဖွင့်ရင် ဗုံးလာကြဲတယ်ဆိုတာက ထင်မြင်ချက်တခုလို့ရာမြင်တယ်။ စကစ ရခိုင်ပြည်ကို အုပ်ချုပ်လာတာ ဆယ်စုတခု လောက်ရှိခဲ့တယ်။ ရခိုင်ပြည် ဘယ်နေရာမှာ ဘာအဆောက် အဦးရှိတယ်ဆိုတာ အကုန်သိတယ်။ ဗုံးကို ကြိုက်တဲ့ အချိန်လာကြဲလို့ရတယ်။ ဆိုလိုချင်တာက သတင်းထောက်တွေ သတင်းရယူခွင့်ထက် ပြည်သူလူထု သတင်းသိနိုင်ဖို့ အစစအရာရာအဆင်ပြေစေဖို့ လက်ရှိအုပ်ချုပ်နေတဲ့ ULA အစိုးရက လုပ်ဆောင်ပေးနေတာ နည်းနည်းလေးပဲရှိတယ်။ သတင်းသမားတွေ အနေနဲ့လည်း ULAရဲ့ မြေပြင်မှာလုပ်ကိုင်နေတဲ့လုပ်ငန်း အမှားအယွင်းတွေကို ထောက်ပြဝေဖန်လို့မရပါဘူး။ ထောက်ပြဝေဖန်သတင်းရေးရင် အဖမ်းခံရမှာအသေအချာပဲ။ မြေကြီးလက်ခတ် မလွဲဘူး။ ULAအစိုးရကို တောင်းဆိုချင်တာက အမှားအယွင်းတွေ ထောက်ပြဝေဖန် ရေးသားခွင့် ပေးစေချင်ပါတယ်။ ဒါမှအစိုးရကောင်း တရပ်ဖြစ်လာမှာဖြစ်တယ်။ တဖက်သတ် အလုပ်လုပ်တာက အာဏာရှင်တွေသာလုပ်ကြတာဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်”ဟုပြောသည်။

ပြည်တွင်းက သတင်းသမားများသည် လုံခြုံရေးပိုင်း၊ သတင်းရယူမှုပိုင်းတွင် ကန့်သတ်ခံထားရမှုများ ရှိနေသလို စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားသည့်နေရာများမှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကိုပါ ကြုံတွေ့နေကြရသည်။

ကမ္ဘာမှာ သတင်းသမားများအတွက် လုံခြုံမှုအကင်းမဲ့ဆုံး ထိပ်ဆုံး ၅ နိုင်ငံစာရင်းမှာ မြန်မာပါဝင်နေသည်ဟု ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ၏ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ ဖော်ပြထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ