Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

နွားထိုးကြီး PDF ဖမ်းထားသော တက္ကသိုလ် ကထိကဆရာမ ရခိုင်အမျိုးသမီး AA နှင့် ပူးပေါင်းသွားကြောင်း စစ်ကောင်စီ ထုတ်ပြန်

နွားထိုးကြီး PDF ဖမ်းဆီး စစ်ဆေးနေသော ရန်ကုန်တက္ကသိုလ်မှ ကထိကဆရာ ရခိုင်အမျိုးသမီး ဒေါ်ဝင်းဝင်းအောင်မှာ အာရက္ခတပ်တော် AA နှင့် ပူးပေါင်းသွားကြောင်း အာဏာသိမ်း စစ်ကောင်စီက မေလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

ဒေါ်ဝင်းဝင်းအောင်သည် မေလ ၇ ရက်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာတက္ကသိုလ် ကံ့ကော်ဆောင်မှ ထွက်ခွာသွားပြီး ဆားလင်းကြီး PDF မှ ကိုဇေယျာမင်း၏ အကူအညီဖြင့် AA အဖွဲ့ဝင် ကိုဇော်အေးထွန်းကို ဆက်သွယ်ကာ AA ထံသို့ ဝင်ရောက်သွားကြောင်း စစ်ကောင်စီက ဆိုသည်။

ဒေါ်ဝင်းဝင်းအောင်သည် မေလ ၁ ရက်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ အခြားနည်းပြများနှင့်အတူ မိတ္ထီလာတက္ကသိုလ်သို့ ရောက်ရှိလာခဲ့ပြီး မေလ ၂ ရက်မှစတင်၍ ပျော်ဘွယ်မြို့ အထက ၂ တွင် သင်ကြားပို့ချမှုများ ဆောင်ရွက်ခဲ့သေးကြောင်းလည်း သိရသည်။

ဒေါ်ဝင်းဝင်းအောင်သည် အာရက္ခတပ်တော် AA ထိန်းချုပ်နယ်မြေများတွင် ပညာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် AA နှင့် ပူးပေါင်းသွားခြင်းဖြစ်သည်ဟု စစ်ကောင်စီက စွပ်စွဲ ပြောဆိုထားခြင်းဖြစ်သည်။

ဒေါ်ဝင်းဝင်းအောင်ကို မိတ္ထီလာတက္ကသိုလ်အနီးရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှ Toyota Passo တစ်စီးဖြင့် ဆားလင်းကြီး PDF က ခေါ်ယူသွားခြင်းဖြစ်သည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

သို့သော်လည်း ဒေါ်ဝင်းဝင်းအောင်ကို မိတ္ထီလာမြို့နယ် တစ်နေရာတွင် မြင်းခြံခရိုင် အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း နွားထိုးကြီး PDF က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မေလ ၈ ရက်တွင် နွားထိုးကြီး PDF က ထုတ်ပြန်ထားသည်။

တက္ကသိုလ် ကထိက ဆရာမ ရခိုင်အမျိုးသမီး ဒေါ်ဝင်းဝင်းအောင်ကို နွားထိုးကြီး PDF က ဖမ်းဆီးစစ်ဆေးနေသည်ဟု ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီ ပြောဆိုချက်အရ ဆားလင်းကြီး PDF က ခေါ်ယူသွားခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်ဝင်းဝင်းအောင်ကို နွားထိုးကြီး PDF က ဖမ်းဆီးဆေးနေသည့် ထုတ်ပြန်ချက်နှင့် ဆားလင်းကြီး PDF က ခေါ်ယူသွားသည်ဆိုသည့် စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ကွဲလွဲမှုများရှိနေသည်။

ဒေါ်ဝင်းဝင်းအောင်နှင့် ပတ်သက်၍ ဆားလင်းကြီး PDF ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသလို နွားထိုးကြီး PDF ကလည်း ဆရာမအား ဖမ်းဆီးထားခြင်း ဝန်ခံ ထားသည်။

သို့သော်လည်း ဒေါ်ဝင်းဝင်းအောင်နှင့် ပတ်သက်၍ စစ်ဆေးနေသည်ဆိုသည့် အသေးစိတ်အချက် အလက်များအား နွားထိုးကြီး PDF က ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဒေါ်ဝင်းဝင်းအောင်မှာ အာရက္ခတပ်တော် AA ထံသို့ ရောက်ရှိသွားခြင်း ဟုတ်မဟုတ်နှင့် အမှန်တကယ် မည်သည့်အဖွဲ့ထံသို့ ရောက်ရှိသွားသည်ကို Western News က စုံစမ်းနေဆဲဖြစ်သည်။

တက္ကသိုလ် ကထိက ဆရာ ဒေါ်ဝင်းဝင်းအောင်သည် ရခိုင်ပြည် စစ်တွေမြို့ ဇာတိဖြစ်ပြီး စစ်တွေမြို့တွင် ပညာသင်ကြားခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိသွားကာ ယင်းမှတစ်ဆင့် မိတ္ထီလာတက္ကသိုလ်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ