ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရသော အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တစ်ဦးအား နှိပ်စက်ညှင်းပန်းပြီး အသက်သေဆုံးသည်အထိ ပြုလုပ်ခဲ့သည့် CNF/CNA အဖွဲအစည်းမှ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဖြေရှင်းရန်နှင့် အဆိုပါလုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ချင်းညီနောင်အဖွဲ့ CB က မေလ ၄ ရက်တွင် ထုတ်ပြန်ပြောဆိုထားသည်။
၂ဝ၂၄ ခုနှစ်၊ ဇွန်လအတွင်း ဖော်ဆောင်ခဲ့သည့် ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ၏ မတူပီမြိုသိမ်းတိုက်ပွဲ ဆင်နွှဲနေသည့် ကာလအတွင်း CNF ဦးဆောင်သော Chinland Council မှ တပ်ဖွဲ့ဝင်များမှ AA တပ်ဖွဲ့ဝင်ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။
ချင်းညီနောင်၊ အာရက္ခတပ်တော်တို့နှင့် စစ်ကောင်စီတို့ကြား အပြင်းအထန်တိုက်ခိုက်နေမှုများ ဖြစ်နေချိန် CNF/CNA က အခွင့်ကောင်းယူကာ နောက်ကျောမှလာရောက်တိုက်ခိုက်မှုများကြောင့် နှစ်ဖက်အဖွဲ့ အကြား ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ အပြန်အလှန် ဖမ်းဆီးထိန်းသိမ်းမှုများ ရှိခဲ့ကြသည်ဟု ဆိုသည်။
ချင်းတော်လှန်ရေး အဖွဲ့ အစည်းများအကြား စည်းလုံးညီညွတ်မှုကို စတင်တည်ဆောက်ပြသလိုသော စိတ်ရင်းသဘောထားများကြောင့် ၂ဝ၂၅ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့တွင် နှစ်ဖက်အဖွဲ့အစည်းမှ ထိန်းသိမ်းထားသည့် တပ်ဖွဲ့ဝင်များကို အပြန်အလှန် လဲလှယ်ခဲ့ကြသည်။
ထိုသို့ လဲလှယ်ပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် တပ်ဖွဲ့ ဝင်များ၏ ထွက်ဆိုချက်အရ မတူပီမြို့ သိမ်းတိုက်ပွဲတွင် CNF/CNA က ဖမ်းဆီးခဲ့သည့် ချင်းညီနောင်၏ မဟာမိတ်တပ်ဖွဲ့ ဝင်များထဲမှ အာရက္ခတပ်တော် AA ဖွဲ့ ဝင်တစ်ဦးကို ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း ရန်သူသဖွယ် နည်းမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက်ခဲ့ကြသောကြောင့် အသက်သေဆုံးသွားသော ဖြစ်စဉ်တစ်ခုရှိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားသည်။
စစ်အာဏာရှင်ကို အဓိက တိုက်ခိုက်တော်လှန်နေသည့် တော်လှန်ရေးအဖွဲ့ အစည်းများထဲမှ တစ်ခုဖြစ်သော အာရက္ခတပ်တော်၏ တပ်ဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း အသက်သေဆုံးသွားသည်အထိ နှိပ်စက် ညှဉ်းပန်းခဲ့ကြသည့် CNF/CNA အနေဖြင့် အဆိုပါလုပ်ရပ်များအပေါ် တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ဖြင့် ဖြေရှင်းပေးရန် လိုအပ်မည် ဖြစ်သည့်အပြင် ချင်းညီနောင် (Chin Brotherhood) အနေဖြင့်လည်း ၎င်းလုပ်ရပ်အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ဆိုသည်။
ချင်းညီနောင်အနေဖြင့် စစ်အာဏာရှင်စနစ်အား တော်လှန်နေသည့်အတောအတွင်း၌ ချင်းအမျိုးသား တော်လှန်ရေးအဖွဲ့ အစည်းများအကြား ဝိဝါဒကွဲပြားမှုများရှိတတ်ခြင်းကို လက်ခံသဘောပေါက်ထားပြီး လက်ရှိအချိန် သည် ပထမဦးစားပေးအလုပ်ဖြစ်သော ဘုံရန်သူကို တိုက်ထုတ်ရေးမှာ အရေးအကြီးဆုံး ဖြစ်သည်ကိုလည်း ကောင်းစွာ နားလည်ထားကြောင်း ပြောသည်။
အခြားတစ်ဖက်တွင်လည်း မိမိတို့လူမျိုးများ အဖွဲ့အစည်းအချင်းချင်းအကြား ဖြစ်ပေါ်လာသည့် အခက်အခဲပြဿနာများကို တော်လှန်ရေးအဖွဲ့ အစည်း အချင်းချင်းကြား တွေ့ဆုံဆွေးနွေး၍ အဖြေရှာကြရမည်ကိုလည်း အပြည့်အဝ ယုံကြည်လက်ခံထားကြောင်း ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားသည်။
ပုံစာ – CNF/CNA ဦးဆောင်သော ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးထားသည့် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်နှစ်ဦး။ ချင်းညီနောင်အဖွဲ့၏ ထုတ်ပြန်ချက်အရ ၎င်းတို့နှစ်ဦးထဲမှ တစ်ဦးမှာ သတ်ဖြတ်ခံလိုက်ရကြောင်း သိရသည်။
1 Comment
g18urt