တရုတ်နိုင်ငံ၏ ကြားဝင်ကြီးကြပ်မှုဖြင့် ဧပြီလ ၂၈ ရက်နေ့နှင့် ဧပြီလ ၂၉ ရက်နေ့တို့တွင် စစ်ကောင်စီနှင့် TNLA တို့ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးခဲ့ကြသော်လည်း ရလဒ်များမထွက်ဘဲ ဆွေးနွေးပွဲပြီးသွားပြီးနောက် စစ်ကောင်စီက TNLA ထိန်းချုပ်ထားသော မြို့များကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသည်။
စစ်ကောင်စီဖက်က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ နမ့်ဆမ်၊ မန်တုံနှင့် မိုးကုတ်မြို့နယ်တို့မှ TNLA တပ်များ ပြန်လည် ဆုတ်ခွာရန် တောင်းဆိုမှုကို TNLA က ပယ်ချခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် မေလ ၂ ရက်နေ့ ည ၁၁း၄၅ နာရီအချိန်တွင် မိုးကုတ်မြို့ကို ပေါင် ၂၅ဝ ဗုံး နှစ်လုံးဖြင့် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် အုတ်ပြင်ရပ်ကွက်ရှိ ဓမ္မရုံနှင့် ပြည်သူလူထုနေအိမ် ၆ လုံး ထိမှန်ပျက်စီးသွားခဲ့ရသည်။
အလားတူ ဧပြီလ ၃ဝ ရက်နေ့လည်း မိုးကုတ်မြို့ အနောက်ပိုင်း၊ သစ်စိမ့်ကုန်းနှင့် ကျောက်ပုတ်ကျေးရွာကြားတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ကြဲတိုက်ခိုက်ခဲ့သည်။
မေလ ၃ ရက်နေ့မှာလည်း မိုးကုတ်မြို့အနောက်ပိုင်းက သဲရပ်ကွက်ရှိ အနောက်ကျောင်းကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လေကြောင်းကနေ နံနက် ၉ နာရီချိန်တွင် ဗုံကြဲချမှုကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ယင်းအပြင် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်း ၂ ကျောင်း၊ ဓမ္မရုံနှင့် နေအိမ် ၁၆ လုံးလည်း ထိမှန်ပျက်စီးသွားခဲ့သည်။
ထိုနည်းတူ စစ်ကောင်စီသည် မေလ ၄ ရက်နေ့က သတင်းတအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးဖြင့် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယမန်နေ့ ညနေ ၅း၂ဝ နာရီအချိန် နောင်ချိုမြို့ ရပ်ကွက် ၇ တွင် ၁ လုံး၊ ညနေ ၅း၃၀ နာရီအချိန်တွင် သုံးဆယ်ကျေးရွာကို ၁ လုံး စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲချခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီတပ်က ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် တိုက်ခိုင်ခြင်းများလုပ်နေသည်ဟု ဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA က သတိပေးပြောဆိုထားသည်။