ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းခြင်း ၄ နှစ်ပြည့်မှာ တော်လှန်ရေးအောင်ပွဲများ ရရှိခဲ့ခြင်းသည် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ဒေသဆိုင်ရာ ကာကွယ်ရေးတပ်များကို မမေ့ပြစ်ကြရန်နှင့် ကျေးဇူးတင်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းခြင်း လေးနှစ်ပြည့်ချိန်တွင် စစ်ရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေးစွမ်းရည်ပြည့်မီသော တပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ထားနိုင်ကြောင်း ဆိုသည်။
“အောင်ပွဲတွေမှာ ငါတို့နဲ့အတူ တစ်သွေးတစ်သားတည်း ရပ်တည် တိုက်ပွဲဝင်ပေးခဲ့ကြတဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်တွေကိုလည်း မေ့ပစ်ထားလို့မရဘူး။ ဒါကြောင့် ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားလိုတယ်” ဟု NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။
ယင်းအပြင် PDF တပ်များအနေဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တိုက်ပွဲဝင်ရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်း၊ တော်လှန်ရေးအောင်ပွဲရရှိရေး ဆက်လက် တိုက်ပွဲဝင်ကြရန်လည်း တိုက်တွန်း ပြောဆိုထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF က တစ်တိုင်းပြည်လုံးအတိုင်းအတာနှင့် ခြုံငုံပြီး စစ်ဆင်ရေးနယ်မြေများ ဖွဲ့စည်းဆောင်ရွက်ထားပြီး စနစ်ကျသည့် ဖွဲ့စည်းပုံအုပ်ချုပ်ပုံနှင့် ပြည်သူ့တပ်မတော်ဖြစ်အောင် ကြိုးစားအကောင်အထည်ဖော်နေကြောင်းလည်း ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်အောက်တွင် တပ်ရင်းပေါင်း ၃၁၆ ရင်းဖြင့် ဖွဲ့စည်းထူထောင်ထားပြီးဖြစ်ကြောင်း NUG ၏ ၄ နှစ်ပြည့် အစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။
1 Comment
hx9z77