အာရက္ခတပ်တော် AA ဦးဆောင်သော အာရက္ခပြည်သူ့အစိုးရ လက်အောက်အရပ်ဘက်အုပ်ချုပ်ရေး ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ရန်သွားသည့် မြောက်ဦးမြို့နယ်က လူငယ် ၇ ဦး AA စစ်သင်တန်းသို့ ပို့ဆောင်ခံလိုက်ရသည်။
အရပ်ဘက်အုပ်ချုပ်ရေး ဌာနဆိုင်ရာများအတွက် အာရက္ခပြည်သူ့အစိုးရအဖွဲ့မှ ရခိုင်လူငယ်များကို ခေါ်ယူပြီး ASPPA ဟု ခေါ်သည့် Arakan school of Public policy and Administration သင်တန်းကျောင်းဖွင့်လှစ်ကာ အုပ်ချုပ်ရေးသင်တန်းများ ပေးအပ်လျက်ရှိသည်။
ထိုအုပ်ချုပ်ရေး သင်တန်းကျောင်းတွင် ရခိုင်ပြည်အနှံ့က တက္ကသိုလ်ဝင်တန်းတက်ရောက်ကြမည့် လူငယ်များနှင့် တက္ကသိုလ်ကျောင်းသား အများစု တက်ရောက်သင်ကြားနေကြသော AA က ဖွင့်လှစ်ထားသည့် ပြည်သူ့ အုပ်ချုပ်ရေးသင်တန်းကျောင်းလည်းဖြစ်သည်။
ရခိုင်ပြည်၏ တော်လှန်ရေးနှင့် အနာဂတ်တိုင်းပြည်တည်ဆောက်ရေးတွင် အရပ်ဘက်အုပ်ချုပ်ရေး၌ ပူးပေါင်းပါဝင်လိုသော ASPPA ကျောင်း တက်ရောက်နေသည့် မြောက်ဦးမြို့နယ် တောင်ပိုင်းဘက်ရှိ ကျေးရွာများမှ လူငယ် ၇ ဦးမှာ စစ်သင်တန်းသို့ ပို့ဆောင်ခံရကြောင်း ဖြစ်စဉ်သိသူတစ်ဦးက ပြောသည်။
“မြောက်ဦး တောင်ပိုင်းအရပ်က ရွာနှစ်ရွာက လူငယ် ၇ ဦးပေါ့။ လုံခြုံရေးအရ ရွာနာမည်တွေ မပြောတော့ဘူး။ ရခိုင်ပြည်ရဲ့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ဖို့ ASPPA ကျောင်းတက်ဖို့၊ စာမေးပွဲဖြေဖို့ သွားတာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလူငယ်တွေက စစ်တိုက်ဖို့သွားတာ မဟုတ်ဘူး။ အရပ်ဘက်အုပ်ချုပ်ရေးတွေမှာပဲ ပူးပေါင်းပါဝင်ချင်တာ။ ဒါပေမယ့် AA က စစ်သင်တန်း တက်ဖို့ ခေါ်သွားတယ်။ ဒါက လူငယ်တွေရဲ့ ရည်မှန်းချက်နဲ့ တော်လှန်ရေး စိတ်ဓာတ်ကို မျက်ကွယ်ပြုရာ ရောက်ပါတယ်။ အခု ဒီလူငယ်တွေက မြောက်ဦးမြို့နယ်မှာပဲ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေရဆဲ ဖြစ်ပါတယ်” ဟု ပြောသည်။
Arakan school of Public policy and Administration – ASPPA သင်တန်းကျောင်း စာမေးပွဲ ဖြေပြီးချင်း အမျိုးသမီးများကလွဲပြီး အဆိုပါ အမျိုးသား လူငယ် ၇ ဦးအပါအဝင် လူငယ်အများစုကို နေအိမ်သို့ ပြန်လွှတ်ရမည်ဖြစ်သော်လည်း AA က စစ်သင်တန်းတက်ရောက်ရန် ခေါ်ယူသွားခြင်းဖြစ်သည်။
“လူငယ် ၇ ဦးမှာ ၄ ဦးက ဧပြီလမှာ စစ်သင်တန်းဆင်းလို့ အခု တာဝန်တွေထမ်းဆောင်နေပါတယ်။ ကျန် ၃ ဦးကတော့ စစ်သင်တန်း တက်နေတုန်းဖြစ်ပါတယ်။ ကလေးတွေက စစ်ဘက်မှာ တာဝန်ထမ်းဆောင်လိုတာ မဟုတ်တော့ အိမ်ကို ပြန်ချင်ကြပေမယ့် ဘာမှ မတတ်နိုင်ကြဘူး။ ကာယကံရှင် ဆန္ဒသဘောထားမပါဘူး”ဟု ၎င်းက ဆိုသည်။
အဆိုပါ လူငယ် ၇ ဦးထဲက တစ်ဦးမှာ သူ၏ လက်ရှိကြုံတွေ့နေရသော အခြေအနေနှင့် အိမ်ပြန်မလာနိုင်သည့် အခြေအနေများကို ရှင်းပြပေးထားသည့် မိသားစုဝင်များကို ပေးထားသော ကိုယ်တိုင်ရေး လက်ရေးစာမူကို Western News က လက်ခံရရှိထားသည်။
စစ်သင်တန်းသို့ ပို့ဆောင်ခြင်းခံရသည့် အဆိုပါ လူငယ် ၇ ဦး၏ အမည်၊ အသက်၊ နေရပ်ဇာတိနှင့် လက်ရှိ တာဝန် ထမ်းဆောင်နေသည့် နေရာများကို Western News သိရှိထားပြီး ၎င်းတို့ လုံခြုံရေးအခြေအနေကြောင့် ဖော်ပြနိုင်ခြင်း မရှိပေ။
အဆိုပါလူငယ်များ စစ်သင်တန်းကျောင်းသို့ ခေါ်ဆောင်ခြင်း ခံရခြင်းနှင့် ပတ်သက်၍ အာရက္ခတပ်တော် AA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခ အား Western News က ဆက်သွယ်နေဆဲ ဖြစ်သည်။
ထောင်နှင့်ချီသော ရခိုင်လူငယ်များသည် အာရက္ခပြည်သူ့အစိုးရအဖွဲ့မှ ရခိုင်ပြည်အတွက် ပုံဖော်နေသော အနာဂတ်တိုင်းပြည်တွင် ပူးပေါင်းဝင်နိုင်ရန် စစ်ဘက်ရေးရာ မဟုတ်သော အရပ်ဘက်အုပ်ချုပ်ရေးကို စိတ်ဝင်စား၍ ပြည်သူ့အုပ်ချုပ်ရေး သင်တန်းကျောင်းကို တက်ရောက်နေကြသည်။
“အက်စပါကျောင်း ASPPA က အာရက္ခပြည်သူ့အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားမှာ အနာဂတ်ခေါင်းဆောင်တွေအဖြစ် မွေးထုတ်တဲ့ အရပ်ဘက်အုပ်ချုပ်ရေးဆိုင်ရာ အရာရှိ သင်တန်းကျောင်းဖြစ်ပါတယ်။ ဒီကျောင်းမှာ အတန်းပညာရှိကြတဲ့ တက္ကသိုလ်ဝင်တန်းအဆင့်၊ တက္ကသိုလ် တက်ရောက်နေကြတဲ့ လူငယ်တွေနဲ့ တက္ကသိုလ်ပြီးထားတဲ့ သူတွေ အဓိက Join ကြတာပါ။ လွတ်လပ်တဲ့ ရခိုင်ပြည်တည်ဆောက်တဲ့အခါမှာ စစ်ဘက်မှာ မပါဝင်နိုင်ကြပေမယ့် အရပ်ဘက်အုပ်ချုပ်ရေးတွေမှာ ပူးပေါင်းပါဝင်လိုတဲ့ လူငယ်တွေဟာ အာရက္ခပြည်သူ့အစိုးရအဖွဲ့နဲ့ ပူးပေါင်းကြတာဖြစ်ပါတယ် ” ဟု ASPPA နှင့် နီးစပ်သည့် လူငယ်အသိုင်းအဝိုင်းက ပြောသည်။
အရပ်ဘက်အုပ်ချုပ်ရေးသင်တန်းကျောင်း ASPPA ကျောင်းကို စစ်ဘက်နှင့်မဆိုင်သော ကျောင်းတစ်ကျောင်းဖြစ်စေလိုကြောင်း ကျောင်းနှင့်နီးစပ်သည့် ရခိုင်လူငယ်တစ်ဦးက တောင်းဆိုထားသည်။
“အရက်ဘက်အုပ်ချုပ်ရေးအတွက် အရာရှိတွေ မွေးထုတ်တဲ့ ကျောင်းကို စစ်ဘက်နဲ့ မရောစေချင်ဘူး။ ရခိုင်လူငယ်တွေရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒတွေကိုလည်း လေးစားလိုက်နာဖို့ လိုအပ်ပါတယ်။ မင်းတို့က ငါတို့ထားတဲ့နေရာမှာနေ ဆိုတာမျိုး မဖြစ်စေချင်ဘူး။ အုပ်ချုပ်ရေးဌာနဆိုင်ရာ ဝန်ထမ်းတွေအတွက် ရည်ရွယ်ထားတဲ့ ကျောင်းသားတွေကို စစ်ဘက်ပြောင်းပြီးစစ်တိုက်ဖို့ ခိုင်းတာက ဘယ်လိုမှ မဖြစ်သင့်ဘူးလေနော်။ အဲလိုမျိုးသာ ရောထွေးနေရင် အဖွဲ့အစည်းတစ်ခုရဲ့ စည်းစနစ်က ဘယ်လိုလို့ကျမှာလဲ။ အုပ်ချုပ်ရေးဆိုင်ရင် အုပ်ချုပ်ရေး၊ စစ်ဘက်ဆိုင်ရာဆိုရင် စစ်ဘက်ပေါ့။ ခေါ်တုန်းက အရပ်ဘက်အုပ်ချုပ်ရေး တကယ် တက်ရတာက စစ်သင်တန်းဆိုတော့ လူငယ်တွေက ဒီအဖွဲ့အစည်းကို ဘယ်လိုယုံကြည်တော့မှာလဲ။ ဒါကို AA ရော၊ အာရက္ခပြည်သူ့အစိုးရအဖွဲ့ရော တာဝန်ရှိတဲ့သူက သေချာ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှလည်း လူငယ်တွေက ယုံကြည်ပြီးတော့အနာဂတ်ရခိုင်ပြည် တည်ဆောက်တဲ့အခါမှာ မိမိဆန္ဒအလျောက်အများကြီး ပါဝင်လာကြမှာပေါ့” ဟု ပြောသည်။
ဧပြီလအတွင်းကလည်း AA ဦးဆောင်သော အာရက္ခပြည်သူ့အစိုးရအဖွဲ့၏ ကျန်းမာရေးဌာနက ပြည်သူ့ ကျန်းမာရေးဝန်ဆောင်မှု ပေးအပ်နိုင်ရန် ရခိုင်လူငယ်များကို ကျန်းမာရေးဆိုင်ရာ သင်တန်းအတွက် ဖိတ်ခေါ်နေသည်။
သို့သော် ရခိုင်လူငယ်အချို့မှာ သွားတုန်းက ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု သင်တန်း၊ အမှန်တကယ် ရောက်ရှိသွားသည်မှာ စစ်သင်တန်းမျိုး ဖြစ်သွားမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
ULA/AA အနေဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အခြေပြု၍ ရခိုင်လူငယ်များကို ခေါ်ယူကာ စစ်တပ်ထဲ ဆွဲသွင်းခြင်းမျိုး မလုပ်သင့်ကြောင်းနှင့် စစ်ဘက်နှင့် အရပ်ဘက် သင်တန်း၊ လုပ်ငန်းတာဝန်များကို ကွဲကွဲပြားပြား ခွဲခွဲခြားခြား သတ်မှတ်ထားရန် လိုအပ်ကြောင်း ရခိုင်လူငယ်များက တောင်းဆိုနေကြသည်။