စစ်ကောင်စီက ငလျင်အပစ်ရပ် ၃ ကြိမ်မြောက် ကြေညာပြီးနောက် အပစ်ရပ်ကာလအတွင်း အပြစ်မဲ့ပြည်သူ ၂၇၆ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ ယမန်နေ့ မေလ ၅ ရက်နေ့က ထုတ်ပြန်သည်။
စစ်ကောင်စီသည် ငလျင်အပစ်ရပ်ကို ဧပြီ ၂ ရက်မှ ၂၀ ရက်နေ့အထိ တစ်ကြိမ်၊ ဧပြီ ၂၁ ရက်မှ ၃၀ နေ့အထိ တစ်ကြိမ် နောက် မေလ ၆ ရက်မှ ၃၁ ရက်နေ့အထိ တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်အထိ တိုးမြှင့်ကာ အပစ်ရပ်ကြေညာထားသည်။
သို့သော် စစ်ကောင်စီ အပစ်ရပ်ခဲ့သော ကာလအပါအဝင် NUG ထုတ်ပြန်ထားသော မတ်လ ၂၈ ရက်နေ့မှ မေလ ၂ ရက်နေ့ ၃၆ ရက်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၈၂ ကြိမ်ပြုလုပ်ခဲ့ရာ ပြည်သူ ၂၇၆ ဦး သေဆုံးပြီး ၄၅၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ ပြည်သူ ၂၇၆ ဦးထဲတွင် ၁၈ နှစ်အောက် ၃၁ ဦးပါဝင်ပြီး ၁၈ နှစ်အထက် ၇၄ ဦးပါဝင်ကြောင်း သိရသည်။
ငလျင်အပစ်ရပ်ကာလ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အများဆုံးမှာ စစ်ကိုင်းတိုင်းတွင်ဖြစ်ပြီး ၇၃ ကြိမ်ဖြင့် လေယာဉ်မှ ဗုံးကြဲခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၈၉ ဦးသေဆုံး၍ ၁၃၅ ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် မန္တလေးတိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ၆၁ ကြိမ် လုပ်ဆောင်ခဲ့ပြီး ၆၅ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီက ယခု တတိကြိမ်အဖြစ် ငလျင်အပစ်ရပ် ကြေညာခြင်းမှာ မေလ ၇ ရက်နေ့ ရုရှားခရီးစဉ် သွားရောက်မည်ဖြစ်၍ နိုင်ငံတကာသို့ ချပြနိုင်ရန် ဟန်ပြအပစ်ရပ်ခြင်းသာ ဖြစ်ကြောင်း ထောက်ပြသူများက ပြောသည်။