Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ-နောင်ချိုမြို့နယ်အတွင်း တိုက်ခိုက်ခံရပြီးနောက် သေဆုံးနေသော စစ်သားများနှင့် စစ်ကားအနီး တွေ့ရသော မန္တလေး PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-MDY PDF)

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲများ ပြင်းထန်နေပြီး ဒဏ်ရာရ တပ်သားကို စစ်ကောင်စီက စစ်တွေမြို့ပြည်သူ့ဆေးရုံနှင့် တပ်နယ်ဆေးရုံးသို့ ပို့ဆောင် ကုသပေးနေသည်။

ဧပြီလ နောက်ဆုံးအပတ်နှင့် မေလ ပထမအပတ်အတွင်း ကျောက်ဖြူမြို့နယ် စစ်ကောင်စီ၏ အမှတ် ၃၂ ရဲတပ်ရင်းအနီးနှင့် ဓညဝတီရေးတပ်စခန်းအနီးတို့တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲ ပြင်းထန်နေကြသည်။

ကျောက်ဖြူမြို့နယ်၊ တိုက်ပွဲအတွင်း ဒဏ်ရာရရှိသော တပ်သားများကို စစ်ကောင်စီက စစ်တွေဆေးရုံနှင့် တပ်နယ်ဆေးရုံးများသို့ ပို့ဆောင် ကုသပေးနေကြောင်း စစ်တွေမြို့သတင်းရင်းမြစ် တစ်ဦးက Western News ကို ပြောသည်။

“အရေအတွက်က တိတိကျကျတော့ မသိဘူး။ ကျောက်ဖြူတိုက်ပွဲက ဒဏ်ရာရ တပ်သားတွေကို စစ်တွေဆေးရုံကြီးမှာ လာရောက် ကုသပေးနေတယ်။ သူတို့တပ်သားတွေ ထားတဲ့ နေရာကို ပြည်သူတွေကို ဝင်ခွင့်မပေးဘူး။ ပြီးတော့ တပ်နယ်ဆေးရုံတွေပို့ထားတယ်။ ဆေးကုသဖို့ ရောက်လာတာက သုံး၊ လေး ရက်လောက်တော့ ရှိနေပြီ” ဟု ပြောသည်။

Western News ၏ အခြားသော သတင်းရင်းမြစ်များပြောပြချက်အရ ကျောက်ဖြူတိုက်ပွဲမှ စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း စစ်တွေဆေးရုံတွင် ဆေးကုသလျက်ရှိနေပြီး ဆေးကုသနေသည်ကို အတည်ပြုနိုင်သော်လည်း အရေအတွက်အား သီးခြားအတည်မပြုနိုင်သေးပေ။

ကျောက်ဖြူမြို့နယ်တိုက်ပွဲတွင် အာရက္ခတပ်တော် AA က ထိုးစစ်ကြောင့် စစ်ကောင်စီဘက်မှ အထိနာနေပြီး စစ်ကြောင်းအချို့ နောက်ဆုတ်သွားသည့် အခြေအနေရှိနေသည်ဟု ကျောက်ဖြူ သတင်းရင်းမြစ်က ပြောသည်။

“အမှတ် ၃၂ ရဲတပ်ရင်းနဲ့ ဓညဝတီရေတပ်စခန်း (သစ်ပုတ်တောင်ရေတပ်စခန်း) အနီးက စစ်တပ်ရဲ့ ကာကင်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာ။ တချို့ကာကင်းစခန်းနဲ့ တပ်စခန်းအချို့ကို AA က နေရာဝင်ယူထားနိုင်လို့ သိထားတယ်။ စစ်ကောင်စီ စစ်ကြောင်းတွေ၊ ကာကင်းစခန်းတချို့ကလည်း အမှတ် ၃၂ ဘက်သို့ နောက်ဆုတ်သွားတာ ရှိတယ်။ လိပ်ခမော် တပ်စခန်းကိုတောင် AA က သိမ်းလိုက်ပြီလို့ သတင်းရရှိထားတယ်။ သီးခြားတော့ အတည်မပြုနိုင်သေးဘူး။ ကျောက်ဖြူတိုက်ပွဲက တော်တော်လေး ပြင်းပြင်းထန်ထန် ဖြစ်လာနေတယ်လို့ ပြောလို့ရပါတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့တိုက်ပွဲမှာ လအနည်းငယ်ကြာ ကြိုကြားတိုက်ပွဲများဖြင့် ဖြစ်ပွားလျက်ရှိပြီး ယခုရက်ပိုင်းအတွင်း AA ထိုးစစ်အရှိန်မြင့်လာခြင်းကြောင့် တိုက်ပွဲမှာ ပိုပြင်း ထန်လျက်ရှိသည်ဟု သိရသည်။

ထိုတိုက်ပွဲများကြောင့် ကျောက်ဖြူမြို့နယ်က ကျေးရွာပေါင်း ၂၀ ထက်မနည်းမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး သောင်းနှင့်ချီသော ပြည်သူများလည်း အိုးအိမ်မဲ့ ဒုက္ခသည်ဖြစ်နေကြကြောင်း သိရသည်။

စစ်ဒဏ်ကြောင့် စစ်ရှောင် ဒုက္ခသည်များ၏ စားသောက်ရေးနှင့် အမိုးအကာနှင့် ကျန်းမာရေး စောင့်ရှောက်များ အရေးတကြီးလိုအပ်နေသည်ဟုလည်း စစ်ဘေးရှောင်များအား ကူညီဆောင်သူများက ပြောသည်။

1 Comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ