ဂျမူးနှင့် ကတ်ရှ်မီးယားဒေသတို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်သတ်ဖြတ်မှုကနေ အစပျိုးခဲ့သည့် အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ပဋိပက္ခတင်းမာနေချိန် အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံကို လေကြောင်းကနေ ဒုံးကျည်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ပါကစ္စတန်အုပ်ချုပ်ထားသည့် ကက်ရ်ှမီးယားဘက်ခြမ်းမှ နေရာ ၉ ခုကို ယနေ့ မေ ၇ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယအစိုးရက တရားဝင်ထုတ်ပြောထားသည်။
“ဆင်ဒူးစစ်ဆင်ရေး” အမည်ဖြင့် ပါကစ္စတန်နိုင်ငံ ကတ်ရှ်မီးယားဒေသတွင် အကြမ်းဖက်သမားများ ရှိသော အဆောက်အဦးများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယက ပြောဆိုထားသည်။
နေရာ ၃ ခု တိုက်ခိုက်ခံခဲ့ရ၍ ကလေး၂ ဦး အပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ဆိုသည်။
အိန္ဒိယက ရန်လိုသော လုပ်ရပ်များ စတင်လာမည်ဆိုပါက ပြန်ပြီး လက်တုံ့ပြန်သွားမည်ဟုလည်း ပါကစ္စတန်ဘက်က ပြောသည်။
အိန္ဒိယ လေယာဉ် ၅ စင်းကိုလည်း ပစ်ချနိုင်ခဲ့ပြီး စစ်သားအချို့ကိုလည်း ဖမ်းဆီးရရှိထားသည်ဟု ပါကစ္စန်ဘက်က ဆိုသည်။
ယခု ပဋိပက္ခများ ရပ်တန့်နိုင်ရန် အိန္ဒိယဘက်မှ ရန်လိုသည့် လုပ်ရပ်များကို ရပ်တန့်မည်ဆိုလျှင် အိန္ဒိယနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟုလည်း ပါကစ္စတန်က ငြိမ်းချမ်းရေးကမ်းလှမ်းထားသည်။