Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မြန်မာနိုင်ငံတဝှမ်း အမျိုးသမီးသေဆုံးမှု ဆက်လက်မြင့်တက်လျက်ရှိပြီး ဧပြီလအတွင်း အမျိုးသမီး ၇၁ ဦး အသက် ဆုံးရှုံးခဲ့ရကြောင်းနှင့် ၅၀ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာ့အမျိုးသမီးမဂ္ဂ BWU ယနေ့ မတ်လ ၇ ရက်တွင် ထုတ်ပြန်ထားသည်။

အသက်ဆုံးရှုံးခဲ့ရသည့် အကြောင်းရင်းများမှာ စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၅၉ ဦး၊ ပြည်သူများ၏ ရွာနှင့် နေအိမ်များအား ပစ်မှတ်ထား လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၇ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကြောင့် ၅ ဦး တို့ဖြစ်သည်။

အသက်ဆုံးရှံးခဲ့သည့် အမျိုးသမီး ၇၁ ဦးထဲမှ ၁၃ ဦးသည် အသက် ၁၈ နှစ်အောက်များ ဖြစ်ကြကြောင်းလည်း BWU က ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး ၅၀ ဦးထဲတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄ဝ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၅ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၄ ဦးနှင့် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်နှစ်ဦး မုဒိမ်းပြုကျင့်ခြင်းကြောင့် ၁ ဦးတို့ ပါဝင်ကြသည်။

၂ဝ၂၅ ခုနှစ် ဧပြီလအတွင်း အသက်ဆုံးရှုံးခဲ့သည့် အမျိုးသမီးဦးရေသည် စစ်ကိုင်းတိုင်း ဒေသကြီးမှ ၃ဝ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ၁၄ ဦးနှင့် ပဲခူးတိုင်းဒေသကြီးမှ ၅ ဦးတို့ဖြစ်ကြပြီး စစ်ကိုင်းတိုင်း ဒေသကြီးသည် ၂ဝ၂၅ ခုနှစ် ဧပြီလအတွင်း အမျိုးသမီး သေဆုံးမှုအများဆုံး တိုင်းဒေသကြီးဖြစ်သည်။

ယခု အချက်အလက်များမှာ တိကျခိုင်လုံသော သတင်းမီဒီယာများ၏ သတင်းအချက်အလက်များကို စောင့်ကြည့်မှတ်တမ်းမှုများအပြင် မြေပြင်မှ အချက်အလက်ကောက်ယူထားမှုများကို ပြန်လည် စုစည်းတင်ပြထားခြင်း ဖြစ်ကြောင်းလည်း BWU က ဆိုသည်။

သို့သော် လက်တွေ့မြေပြင်အခြေအနေတွင် မိမိတို့အနေဖြင့် ဒေတာနှင့် သတင်းအချက်အလက်များကို လက်လှမ်းမီနိုင်ရန် အခက်ခဲများစွာ ရှိသဖြင့် ကိန်းဂဏန်းများသည် မြေပြင်၌ ယခုထက်ပို၍ များနိုင်ကြောင်းလည်း မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ထုတ်ပြန်သည်။

မတ်လ ၂၈ ရက်နေ့က မြန်မာပြည်အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အာဏာသိမ်း စစ်ကောင်စီက ဧပြီလ တစ်လလုံး အပစ်ရပ်ကြေညာထားခဲ့သည်။

စစ်ကောင်စီသည် အပစ်ရပ်ကြေငြာထားသော်လည်း ငလျင်ဒဏ်ကြောင့် ပူဆွေးသောက ရောက်နေသည့် အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများအား ပိုမို အသုံးပြုလာခြင်းကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည်လည်း နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေရသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ပြောသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ