အာရက္ခတပ်တော် AA သိမ်းပိုက်ထားသည့် ရခိုင်ပြည်မှာ စစ်ကျန်းလက်နက်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းကြောင့် နှစ်ရက်အတွင်း အရပ်သားပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ယမန်နေ့ မေလ ၆ ရက် ညနေပိုင်းက တောင်ကုတ်မြို့နယ် ကံပိုင်ရပ်ကွက်ဒေသခံ အသက် ၇၀ အရွယ် ဦးကျော်ထွန်းမှာ မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက် ပြတ်ထွက်ဒဏ်ရာ ရရှိသွားသည်။
တောင်ကုတ်ရှိ စစ်ကောင်စီ အခြေစိုက်ခဲ့သော စကခ ၅ တပ်စခန်းအနီး လယ်ကွင်းသို့ သွားရောက် အလုပ်လုပ်စဉ် မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရသွားခြင်းဖြစ်သည်။
အလားတူ ယနေ့ မေလ ၇ ရက်နေ့ နံနက်ပိုင်းက မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာက အသက် ၁၈ နှစ်အရွယ် မချယ်ရီသန်းနှင့် အသက် ၁၄ နှစ်အရွယ် မောင်ခန့်ကျော်ဌေးတို့မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားခြင်းဖြစ်သည်။
သူတို့နှစ်ဦးမှာ မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာအနီးရှိ စစ်ကောင်စီတပ် အခြေစိုက်ခဲ့သော လင်းမြွေတောင်အနီးသို့ ထင်းခွေသွားစဉ် မြေမြှုပ်မိုင်းနင်းမိခြင်းဖြစ်သည်။
မချယ်ရီးသန်းမှာ မိုင်းစထိ၍ ဘယ်ဖက်ခြေထောက် ပြတ်ထွက်သွားပြီး မောင်ခန့်ကျော်ဌေးမှာ ဝမ်းဗိုက်၌ ထိခိုက်ဒဏ်ရာ ရသွားခြင်းဖြစ်သည်။
AA သိမ်းပိုက်ထားသော မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားခဲ့သော စစ်ကျန်လက်နက် ပစ္စည်းများနှင့် မြေမြှုပ်မိုင်းများကြောင့် အရပ်သားပြည်သူများမှာ ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုများ ရှိနေကြသည်။
AA နှင့် မိုင်းအသိပညာပေး အရပ်ဘက်အဖွဲ့အစည်းများကလည်း ပြည်သူလူထုများအား မိုင်းအသိပညာပေး ဟောပြောပွဲပြုလုပ်ပေးနေသော်လည်း ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ထောက်ပြသူများက ဆိုသည်။