Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊ သဲကမ်းထောင်းရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ်များ ပျက်စီးနေစဉ်။ ဓါတ်ပုံ- APM

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊ သဲကမ်းထောင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်ူ ဒေသခံများက Western News ကိုပြောသည်။

ယနေ့ ဇွန် ၂၀ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်က စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးနှင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယင်းတိုက်မှုကြောင့် အသက် ၄နှစ်ကလေးတစ်ဦးနှင့် အသက် ၁၇နှစ်တစ်ဦး အသက် ၂၅ နှစ်တစ်ဦး
စုစုပေါင်း ၃ဦးသေဆုံးခဲ့သည်။

သဲကမ်းထောင်းရွာသားတစ်ဦးက “ဒီနေ့ ၁၁ နာရီလောက် လေကြောင်းကနေ့ လာပစ်တာပါ။ တိုက်ပွဲ ဖြစ်တာမရှိပါဘူ။ ဒီအတိုင်း လာပြီးတော့ ဗုံးကြဲသွားတယ်။ ကျနော်တို့အိမ်နားက မိသားစုသုံးယောက်ပါ နေရာမှာပဲ သေဆုံးပါတယ်။ နောက်ထပ် နှစ်ယောက်ကတော့ ဒဏ်ရာ ရပါတယ်”ဟုပြောသည်။

သေဆုံးသူများမှာ သဲကမ်းထောင်းကျေးရွာမှ မိသားစုဝင်များဖြစ်ပြီး ၎င်းတို့မှာ အသက် ၄နှစ်အရွယ်ရှိ မောင်နေမိုးထက်၊ အသက် ၁၇ နှစ်ရွယ်ရှိ မမေဇင်အေးနှင့် အသက် ၂၅ နှစ်အရွယ်ရှိ ကိုသန်းဝင်းနိုင်တို့ ဖြစ်ကြကြောင်း ကျေးရွာသားများက ပြောသည်။

အဆိုပါကျေးရွာမှ အသက် ၄၆ နှစ်ရွယ်ရှိ ဦးမောင်ပုနှင့် အသက် ၆၉ နှစ်အရွယ်တို့မှာ ဗုံးစ စင်လာ၍ ခန္ဓာကိုယ်အနှံ့မှာ ဒဏ်ရာများ ရရှိခဲ့ပြီး ယင်း သဲကမ်းထောင်းရွာ က နေအိမ် ၄လုံးထက်မနည်းမှာလည်း ပျက်စီးသွားကြောင်း ကျေးရွာသားများက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်ကလည်း မြေပုံမြို့နယ် တုတ်ချောင်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန် ၁၈ ရက် နံနက်ပိုင်းကလည်း တောင်ကုတ်မြို့နယ်၊ ပတင်းတိုက်နယ်၊ ကံဆိပ်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၂ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့သည်။

ဆက််စပ်သတင်းများ