Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(သံတွဲလေဆိပ်နဲ့ ခမရ ၅၆၆ တပ်ရင်းကို AA က သိမ်းပိုက်လိုက်တာ တကယ်ဟုတ်သလား)

ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ခိုက်မှု ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး သံတွဲက စစ်ကောင်စီတပ်စခန်းနဲ့ တပ်ရင်းတွေကို AA က ထိုးစစ်ဆင်တိုက်နေတာ ကြာပြီဖြစ်ပါတယ်။

ငပလီမြို့ထဲက သံတွဲလေဆိပ် (မဇင်လေဆိပ်) နဲ့ ကပ်လျှပ်ရှိတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၆၆ တပ်ရင်းကို အာရက္ခတပ်တော် AA က မနေ့က သိမ်းပိုက်လိုက်ပြီလို့ သတင်းထွက်နေသလို ဒီနေ့ နံနက်ပိုင်းကမှ သိမ်းလိုက်တာ ဖြစ်တယ်လို့လည်း သတင်းတွေ အမျိုးမျိုးတွေ ထွက်ပေါ်နေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး Western News က ဒေသခံ ၁၀ ဦးထက်မနည်းကို ဆက်သွယ်မေးရာမှာ AA က သံတွဲလေဆိပ်ကို သိမ်းလိုက်ပြီလို့ တူညီသော အဖြေကို ပေးခဲ့ကြပေမယ့် AA ပြောခွင့်ရ ဦးခိုင်သုခအား မေးမြန်းရာ တုန့်ပြန်ဖြေကြားမှုမရှိပေ။

သံတွဲလေဆိပ်နဲ့ ခမရ ၅၆၆ တပ်ရင်းကို သိမ်းပိုက်လိုက်တာ ဟုတ်မဟုတ်ကို မသိရပေမယ့် AA တပ်ဖွဲ့ဝင်တွေက ခလရ ၅၅ တပ်ရင်းကို ချဉ်းကပ်လာနေတယ်လို့ စစ်ရေးအခြေအနေသိသူ ဒေသခံတစ်ဦးက ပြောပါတယ်။

” မနေ့ကတည်းက သံတွဲလေဆိပ် (မဇင်လေဆိပ်) ကို တပ်တော်က သိမ်းလိုက်ပြီလို့ ပြောနေကြတယ်။ လေဆိပ်သိမ်းရင်တော့ ၅၆၆ တပ်ရင်းကိုပါ သိမ်းရမယ်။ လေဆိပ်နဲ့ ၅၆၆ တပ်ရင်းက ကပ်လျှက်ဆိုတော့လေ။ ဒီနေ့ မနက်ပိုင်းမှာ AA တပ်ဖွဲ့ဝင်တွေဟာ လေဆိပ်ကိုဖြတ်လာပြီး ဇီးဖြူကုန်းတံတားအကျော် နတ်ရေကန် ငပလီဈေးနားသို့ ရောက်လာပြီလို့ သိရပါတယ်။ ငပလီလမ်းဆုံမှာရှိနေတဲ့ ခလရ ၅၅ တပ်ရင်းကို တိုက်ခိုက်ဖို့ ချဉ်းကပ်နေပြီလို့လည်း သိရပါတယ်။ ဒါပေမယ့် အတည်ပြုဖို့တော့ ခက်အုံးမယ်။ ဖုန်းလိုင်းတွေက အားလုံးဖြတ်တောက်ခံထားရတော့လေ။ ” လို့ ပြောပါတယ်။

တချို့ဒေသခံတွေကတော့ မနေ့က သံတွဲလေဆိပ်ကို ထိန်းချုပ်လိုက်ရုံသာဖြစ်ပြီး ဒီနေ့ ဇွန်လ ၂၄ ရက် နံနက်ကမှ သိမ်းပိုက်ပြီး ခမရ ၅၆၆ တပ်ရင်းကိုတော့ မသိမ်းပိုက်ရသေးဘူးလို့လည်း သတင်းတွေက ထွက်ပေါ်နေပါတယ်။

ငပလီမြို့ရဲ့ စစ်ရေးအခြေအနေကို နောက်ဆုံးသိထားသူ ဒေသခံတစ်ဦးက ” မနေ့က သံတွဲလေဆိပ်ကို ထိန်းချုပ်ရုံပဲ ထိန်းချုပ်ခဲ့တာပါ။ ဒီနေ့ မနက်ကမှ သိမ်းပိုက်လိုက်တာ ဖြစ်တယ်။ ခမရ ၅၆၆ တပ်ရင်းကို AA က မသိမ်းပိုက်ရသေးဘူးလို့ ကျနော့် အသိတွေက ပြောတယ်။ အခု ခမရ ၅၆၆ တပ်ရင်းက တပ်ဖွဲ့ဝင်တွေနဲ့ ခလရ ၅၅ တပ်ရင်းက တပ်ဖွဲ့ဝင်တွေ ပေါင်းပြီး AA ဆီမှာ လက်နက်ချ အညံ့ခံမယ်လို့ ကြားနေရတယ်။ အတည်တော့ မပြုနိုင်သေးဘူးပေါ့နော်။ ” လို့ ပြောပါတယ်။

ဒီနေ့ ဇွန်လ ၂၄ ရက် မနက်ပိုင်းမှာ မနေ့ကလို သံတွဲလေဆိပ်၊ ဇီးဖြူကုန်း၊ ခမရ ၅၆၆ တပ်ရင်းနဲ့ ခလရ ၅၅ တပ်ရင်းအနီးတဝိုက် တိုက်ပွဲဆက်လက်ဖြစ်နေကြပြီး သံတွဲမြစ်ထဲက စစ်ကောင်စီနေဗီတွေနဲ့ မောင်ရွှေလေးရေတပ်တို့က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတယ်လို့ သိရပါတယ်။

စုံစမ်းချက်အရ ငပလီမြို့ကို အာရက္ခတပ်တော် AA မှ လေးဘက်လေးတန် ဝိုင်းရံပိတ်ဆို့ထားပြီး သံတွဲလေဆိပ်ကို ထိန်းချုပ်ထားတာ ပြောနိုင်သလို ခမရ ၅၆၆ တပ်ရင်းနဲ့ ခလရ ၅၅ တပ်ရင်းတို့ကို လက်နက်ချ အညံ့ခံဖို့ ပြောဆိုထားကြောင်းကို Western News အနေနဲ့ အတည်ပြုနိုင်ပါတယ်။

သံတွဲမြို့ပတ်လည်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်စခန်းတွေ၊ အမြောက်တပ်ရင်းတွေကလည်း သံတွဲမြို့ထဲသို့ ဆုတ်ခွာနေသလို စစ်ကြောင်းအလိုက် ငပလီမြို့ထဲမှာရှိတဲ့ ခလရ ၅၅ တပ်ရင်းသို့ ဆုတ်ခွာစုပေါင်းနေတယ်လို့ စစ်ရေးအခြေအနေသိသူတွေက ပြောဆိုကြတပါတယ်။

နောက်ထပ် ဒေသခံ စစ်ရေးသိသူတစ်ဦးက ” သံတွဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရော၊ ငပလီမှာ ပျံ့နေတဲ့ တပ်ဖွဲ့ဝင်တွေရော ခလရ ၅၅ တပ်ရင်းကို အကုန်လုံး ဆုတ်ခွာ စုနေကြတယ်လို့ သိရတယ်။ သံတွဲမှာဆိုရင် ဘားဒါန်းတောင် အမြောက်တပ်က သူတွေဟာ ရဲစခန်းကို ဆုတ်ခွာ၊ အဲဒီကတစ်ဆင့် ငပလီမြို့ထဲက တပ်ရင်းကိုဆုတ်ခွာနေတယ်လို့ သိရတယ်။ AA ကတော့ သံတွဲရော၊ ငပလီမြို့ကိုရော အကုန်လုံးဝိုင်းရံပိတ်ဆို့ထားတယ်။ ” လို့ ပြောတယ်။

မနေ့က ငပလီမြို့ကို AA က ထိန်းချုပ်သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ တပြိုင်တည်းမှာ သံတွဲမြို့ထဲကို ဝင်ရောက်ဖို့လည်း ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် သတင်းအချက်အလက် ပေါက်ကြားမှုတွေကြောင့် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေကျောင်းပြင်ကျေးရွာ အရပ်သား အနည်းဆုံး ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သံတွဲပြည်သူ့ဆေးရုံ၌ ဆေးကုမှုခံယူနေရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဖုန်းလိုင်းတွေနဲ့ အင်တာလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့အတွက် သံတွဲမြို့နဲ့ ငပလီမြို့ရဲ့ စစ်ရေးအခြေအနေ အမှန်ကို သိရဖို့ ခက်ခဲနေပြီး သံတွဲလေဆိပ်သိမ်းပိုက်ရရှိတာ၊ လေဆိပ်နဲ့အတူ လေယာဉ်နှစ်စီးပါ သိမ်းပိုက်ရရှိတာနဲ့ ခမရ ၅၆၆ တပ်ရင်းကိုပါ သိမ်းလိုက်ပြီဆိုတာတွေကို အာရက္ခတပ်တော် AA အား မေးမြန်းထားဆဲဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း သံတွဲမြို့နယ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာတွေကို မတွေ့ရသေးပါဘူး။

ဆက််စပ်သတင်းများ