Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ခြောက်ကပ်သွားသော သံတွဲမြို့နှင့် အိုးအိမ်စွန့်ခွာနေကြသော ဒေသခံပြည်သူများ။

ယခုရက်ပိုင်းအတွင်း စစ်ရေးအလွန်ပြင်းထန်နေသည့် သံတွဲမြို့နှင့် ငပလီမြို့ထဲက ပြည်သူများမှာ အားလုံးနီးပါး မြို့ကိုစွန့်ခွာသွားကြပြီဟု တိမ်းရှောင်သူများအား ကူညီပေးနေသူများက ပြောဆိုကြသည်။

ကူညီပေးနေသူတစ်ဦးက ” ကျနော် ဒီနေ့ သံတွဲမြို့ထဲကနေ ဂွဘက်ကို ထွက်လာတာ။ မြို့ထဲက ထွက်မယ့်သူတွေကို သွားခေါ်တာပေါ့နော်။ သံတွဲမြို့ထဲမှာ ၈၀ ရာခိုင်နှုန်းလောက်က မရှိတော့ဘူး။ ၂၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်။ မြို့က တိတ်ဆိတ်သွားပါပြီ။ ငပလီမြို့လည်း အဲဒီလိုပဲ ကြားပါတယ်။ ” ဟု ပြောသည်။

ငပလီမြို့ထဲက ပြည်သူများနှင့် သံတွဲမြို့ထဲက ပြည်သူများမှာ ဘေးကင်းရာနေရာများ၊ တိုက်ပွဲနှင့်ဝေးရာနေရာများနှင့် ဂွမြို့နယ်ဘက်သို့ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရပြီး လူဦးရေ သိန်းချီရှိနေသည်ဟု သိရသည်။

ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့က သံတွဲမြို့နှင့်ကပ်လျှက်ရှိသည့် ရွှေကျောင်းပြင်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သလို ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင်လည်း မြို့ထဲသို့ စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းများရှိခဲ့သည်။

ငပလီမြို့ထဲက သံတွဲလေဆိပ်နှင့် ခမရ ၅၆၆ တပ်ရင်းကို AA က သိမ်းလိုက်ပြီဟု ယမန်နေ့က သတင်းထွက်ပေါ်ပြီးနောက် ယနေ့တွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး AA က ငပလီမြို့ထဲက စစ်ကောင်စီတပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

စစ်ကောင်စီဘက်မှ AA ထိုးစစ်ကို ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အပြင်းအထန်ခုခံနေသော်လည်း အာရက္ခတပ်တော် AA က သံတွဲတိုက်ပွဲတွင် စစ်ရေးအသာစီးရနေကြောင်း သံတွဲစစ်ရေးစောင့်ကြည့်သူတစ်ဦးက ပြောသည်။

” သံတွဲ၊ ငပလီ စစ်ရေးအခြေအနေတွေက သတင်းတွေက အမျိုးမျိုးထွက်နေကြတယ်။ မဇင်လေဆိပ်ကို AA က သိမ်းလိုက်တာတော့၊ စစ်ကောင်စီ နေဗီတစ်စီးကို နစ်မြှုလိုက်တာတော့ အမျိုးမျိုးထွက်နေတယ်။ မမှန်ဘူးလို့လည်း ပြောလို့မရဘူး။ သေချာတာကတော့ AA က ငပလီမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ တပ်ရင်းအနီးကို ရောက်နေပြီဆိုတာကိုတော့ အတည်ပြုလို့ရပါတယ်။ ခမရ ၅၆၆ တပ်ရင်းက စစ်ကောင်စီတပ်သားတွေဟာ ခလရ ၅၅ တပ်ရင်းသို့ ဆုတ်ခွာသွားတယ်လို့ သိရတယ်။ AA က စစ်ရေးအသာစီးရနေတယ်လို့ ပြောလို့ရတယ်။ ” ဟု ပြောသည်။

သံတွဲနှင့် ငပလီမြို့က စစ်ရေးအခြေအနေများမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း အခက်အခဲကြောင့် အတည်ပြုရန် ခက်ခဲနေပြီး Western News က AA ပြောခွင့်ရ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားသော်လည်း တုန့်ပြန်ခြင်းမရှိသေးပေ။

စစ်ကောင်စီက သံတွဲမြို့နယ်တစ်ဝိုက်နှင့် ငပလီမြို့တစ်ဝိုက် ဒေသများအားလုံးကို လက်နက်ကြီးများဖြင့် ယမ်းသန်းပစ်ခတ်နေသလို လေယာဉ်ဖြင့်လည်း လှည့်ပတ်ပြီး ဗုံးကြဲတိုက်ခိုက်နေပြီး ဒေသခံပြည်သူများမှာ ရွှေ့လျားစစ်ရှောင်ပုံစံမျိုးဖြင့် နေရာအနှံ့ ပြေးလွှားနေရကြောင်း စစ်ရှောင်များက ပြောဆိုကြသည်။

ဆက််စပ်သတင်းများ