Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည်၊ သံတွဲ အကျဉ်းထောင်က ထောင်ဝန်ထမ်းအချို့ ယခုရက်ပိုင်းများတွင် ထွက်ပြေးမှုများ ရှိနေပြီး အကျဉ်းထောင်ကို စစ်ကောင်စီတပ်သား အများအပြားဖြင့် လုံခြုံရေးယူထားကြောင်း ထောင်ဝန်ထမ်းများက ပြောသည်။

သံတွဲနှင့် ငပလီမြို့တို့တွင် ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး AA က သံတွဲနှင့် ငပလီကို ဝိုင်းရံပိတ်ဆို့ထားကြောင်း သံတွဲ ဒေသခံများက ပြောသည်။

“ပထမတော့စစ်သား ၂၈ ယောက် ဝင်ပြီး ထောင်ကို ဝိုင်းထားတယ်။ အခုတော့ စစ်သား အယောက် ၄၀ လောက်ရှိမယ်။ အကုန်နေရာယူထားကြတယ်။ ဇွန် ၂၃၊ ၂၄ လောက်ကစပြီး ဒေသခံတွေနဲ့အတူ ထောင်ဝန်ထမ်းတွေက ပြေးကြတာ။ ထောင်ဝန်ထမ်း ၁၀ကျော် လောက်ရှိတယ်။ ထွက်ပြေးကြတာ”ဟုပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းများက စစ်ကောင်စီတပ်ဖွဲ့တစ်ချို့သည် သံတွဲအကျဉ်းထောင် အုတ်ရိုးဒေါင့် မျှော်စင်များ ကနေ အကာကွယ်ယူပြီး လက်နက်ဖြင့် ပစ်ခတ်များ လုပ်ဆောင်ခဲ့ကြောင်း ထောင်ဝန်ထမ်းများက Western News ကိုပြောသည်။

သံတွဲ အကျဉ်းထောင် ဝန်ထမ်းတစ်ဦးက “အခု သံတွဲထောင်မှာ ထမင်းက ပုံမှန်ကျွေးတယ်။ ပုံမှန်ဟင်းတော့ မရတော့ဘူး။ အရင်ကလို အပြင်စာမရတော့ဘူး ” ဟု ဆက်လက်ပြောသည်။

သံတွဲ အကျဉ်းထောင်တွင် ထောင်ဦးစီးမရှိဘဲ လက်ထောက်ညွှန်ကြားရေးမှူးက ထောင်ပိုင်ဖြင့်သာ ထောင်သားများကို စီမံခန့်ခွဲနေကြောင်း သိရပြီး ထောင်ဝန်ထမ်းများ ထွက်ပြေးမှုကြောင့် လက်ထောက်ညွှန်ကြားရေးမှူး စစ်ဆေးခံနေရကြောင်း သိရသည်။

လက်ရှိတွင် သံတွဲမြို့ အထွက် စာနီတောင်တွင် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ်များ အထိုင်ချထားပြီး ယင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေသလို သံတွဲမြို့မ ရဲစခန်းကမူ လမ်းပိတ်ကာ သံဆူးကြိုးများဖြင့် ကာထားကြောင်း သိရသည်။

ငပလီကမ်းခြေရှိ ဇီဖြူကုန်းတွင် စစ်ကောင်စီနှင့် AA တိုက်ပွဲဆက်ဖြစ်နေပြီး ဇွန်လ ၂၅ ရက်နေ့ တစ်ညလုံး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်ဘေးရှောင် ထွက်ပြေးလာကြသူများက ပြောသည်။

ဆက််စပ်သတင်းများ