Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - မတူပီမြို့ကို သိမ်းပြီးနောက် ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့ကို တွေ့ရစဉ်။

ချင်းပြည်နယ် မတူပီမြို့ကို စစ်ကောင်စီထံမှ ချင်းညီနောင်မဟာမိတ်တပ်က အလုံးစုံသိမ်းပိုက်လိုက်ပြီဖြစ်သော်လည်း ချင်းအမျိုးသားတပ် CNA နှင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်၍ ဒေသခံပြည်သူများအနေဖြင့် မြို့ထဲသို့ ချက်ချင်းမဝင်ရောက်ကြရန် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ CDF-မတူပီက ဇွန်လ ၃၀ ရက်နေ့တွင် အသိပေးစာ ထုတ်ပြန်လိုက်သည်။

မတူပီမြို့က စစ်ကောင်စီများကို ချင်းညီနောင်မဟာမိတ်တပ်က ဇွန်လ ၉ ရက်မှ ဇွန်လ ၂၉ ရက်အတွင်း အပြီးသတ်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

မတူပီမြို့ကို သိမ်းပိုက်ပြီးနောက် မြို့လုံခြုံရေး၊ ပြည်သူများဘေးကင်းစေရေးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြေမြှုပ်ထားခဲ့သော မြေမြှုပ်မိုင်းများကို ရှင်းလင်းရေးလုပ်ငန်းများ ပြုလုပ်ပေးနေသည်ဟု CDF မတူပီတပ်က ထုတ်ပြန်သည်။

သို့သော်လည်း မတူပီမြို့နယ်အတွင်း ချင်းအမျိုးသားတပ်မတော် CNA/CNF နှင့် စစ်ရေးတင်းမာမှုများ အချိန်မရွေးရှိလာနိုင်သဖြင့် နောက်ထပ် ထုတ်ပြန်ချက် တစ်စုံတစ်ရာမထုတ်ပြန်ခင်အထိ မြို့တွင်းနှင့် မြို့အနီးအနားကျေးရွာများသို့ ဝင်ရောက်ခြင်း မပြုလုပ်ရန် CDF မတူပီတပ်က အသိပေးပြောဆိုထားသည်။

CDF မတူပီ တပ်မဟာ ၁ အနေဖြင့် မတူပီမြို့ လုံခြုံရေးနှင့် ပြန်လည်တည်ဆောက်ရေးကိစ္စများကို ဆက်လက်ဖော်ဆောင်မည်ဖြစ်ပြီး အခြား ချင်းဒေသကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့များကိုလည်း တတ်နိုင်သလောက် ပါဝင်နိုင်ရေးအတွက် အစီအမံများ ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

မတူပီမြို့ လုံခြုံရေး၊ ပြန်လည်တည်ဆောက်ရေး၊ ဒဏ်ရာရ ရဲဘော်များ ကုသစောင့်ရှောက်ရေးနှင့် အခြားသော နောက်ဆက်တွဲ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် အားမလျှော့ဘဲ ဆက်လက်ပူးပေါင်းဆောင်ရွက် ကူညီထောက်ပံ့ကြရန် CDF မတူပီက တိုက်တွန်းနှိုးဆော်ထားသည်။

မတူပီမြို့ အာဏာသိမ်း စစ်ကောင်စီ လက်အောက်မှ လွတ်မြောက်ရေးအတွက် အသက်သွေးချွေးဖြင့် ပေးဆပ်ကြသော ချင်းညီနောင်တပ်ဖွဲ့ဝင်များနှင့် အိမ်နီးနားချင်း မဟာမိတ်တပ်ဖွဲ့ဝင်များအားလုံးကို မတူပီ ပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များမှ အမြဲအမှတ်ရနေမည်ဟု CDF မတူပီက ဂုဏ်ပြုထားသည်။

ဆက််စပ်သတင်းများ