Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၁၀၂၇ ပထမ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်စခန်းတစ်ခုကို MNDAA က သိမ်းပိုက်ရရှိစဉ်။ (ပုံအဟောင်းဖြစ်သည်)

ရှမ်းပြည်နယ် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို ကိုးကန့်တပ် MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ယနေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ခလရ ၆၈ နှင့် ခမရ ၅၀၇ တပ်ရင်းတို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်။

ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့က နမ့်ပေါင်တပ်စခန်းကို ကိုးကန့်က သိမ်းပိုက်ခဲ့ပြီး အဆိုပါ တပ်စခန်းက လက်နက်ကြီး ဟောင်ဝစ်ဇာ အမြောက်ကို သိမ်းဆည်းရမိခဲ့သည်။

နမ့်ပေါင်တပ်စခန်းကို မသိမ်းပိုက်ခင်က ဟောင်ဝစ်ဇာ အမြောက်ဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် လူနေကျေးရွာများအား အမြဲလိုလို ပစ်ခတ်ခဲ့ပြီး လက်ရှိတွင် MNDAA တပ်ဖွဲ့ဝင်အများအပြားမှာ လားရှိုးမြို့ဘက်သို့ တက်သွားကြောင်း သိရသည်။

လားရှိုးမြို့ စစ်ရေးသိသူတစ်ဦးက “နမ့်ပေါင်တပ်စခန်းကနေ ပုံမှန် ဟောင်ဝစ်ဇာတွေ၊ လက်နက်ကြီးတွေ ပစ်နေတာ။ မနေ့ကစပြီး မပစ်နိုင်တော့ဘူး။ နမ့်ပေါင်တပ်စခန်းက အသိမ်းခံလိုက်ရပြီ။ နမ့်ပေါင်ဘက်ကနေ မနေ့ကတည်းက MNDAA အင်အား အတော်များတယ်။ လားရှိုးဘက်ကို တက်သွားတာ။ နမ့်ပေါင်စခန်းကျသွားတာတော့ သေချာပါတယ်” ဟု ပြောသည်။

လားရှိုးမြို့နယ်အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်ကလည်း နမ့်ပေါင်တပ်စခန်းကျဆုံးသွားကြောင်း အတည်ပြုပြီး တိုင်းပွဲပြင်းထန်နေသော ခလရ ၆၈ နှင့် ခမရ ၅၀၇ ကိုလည်း လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ပေးနေရကြောင်း ဆိုသည်။

လားရှိုးမြို့ ဒေသခံတစ်ဦးက “ဒီနေ့ မနက်တည်းက သေနတ်သံတောက်လျှောက်ပဲ။ ၆၈ နဲ့ ဆင်တောင်မှာ သေနတ်သံတွေ တောက်လျှောက်ပဲ။ လွယ်ပြေကုန်း၊ ခမရ ၅၀၇ မှာလည်း တိုက်ပွဲ အပြင်းအထန်ဖြစ်နေတယ်” ဟု သိရသည်။

MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်များက ဇွန်လ ၂၅ ရက်နေ့မှစတင်ပြီး ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ကာ ဟိုင်ဂင်အပစ်ရပ်ရေး သဘောတူညီစာချုပ်ကို အဆုံးသတ်ခဲ့ကြသည်။

စစ်ကောင်စီက အပစ်ရပ်စာချုပ်ကို ချိုးဖောက်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ရာမှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

ဆက််စပ်သတင်းများ