Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည်အတွင်း အာဏာသိမ်း စစ်ကောင်စီမှာ ကျန်ရှိနေသေးသော အမ်း နပခ ဌာနချုပ်၊ စကခ ၅ တောင်ကုတ်ဌာနချုပ်၊ စစ်တွေ ဒကစ ဌာနချုပ်နှင့် ကျောက်ဖြူမြို့က ဓညဝတီရေတပ်ဌာနချုပ်တို့ကို အာရက္ခတပ်တော် AA က ဝိုင်းရံပိတ်ဆို့ထားကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့ ရခိုင်ပြည်အတွင်း စစ်ရေးသတင်းထုတ်ပြန်ချက်တွင် အာရက္ခတပ်တော် AA က ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲကို AA က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က စတင်ခဲ့ပြီး လက်ရှိတွင် ၇ လခွဲကျော် ကြာမြင့်ကာ မြို့နယ် ၁၀ ခုနှင့် စစ်ကောင်စီတပ်စခန်း အမြောက်အများကို သိမ်းပိုက်ထားပြီဖြစ်သည်။

ဝိုင်းရံပိတ်ဆို့ထားသော ရခိုင်ပြည်အတွင်း စစ်ကောင်စီ၏ ကျန်ရှိ တပ်ရင်းဌာနချုပ်များနှင့် ကျောက်ဖြူရေတပ်ဌာနချုပ်တို့မှ အချို့စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ပြောဆိုထားသည်။

အမ်းမြို့နယ်က စစ်ကောင်စီ၏ အရေးပါသော တောဟိန်းတောင်ဗျူဟာကုန်းကို ဇွန်လ ၂၃ ရက်နေ့က AA မှ သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်သားအလောင်း အမြောက်အများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

တောဟိန်းတောင်ဗျူဟာကုန်းကို ဧပြီလ ၁၅ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် နှစ်လကျော်အကြာတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများကိုလည်း လိုက်လံရှင်းလင်းနေကြောင်း သိရသည်။

မောင်တောဒေသက စစ်ကောင်စီ၏ နခခ ၂ နယ်ခြားစောင့်တပ်စခန်းကို ဇူလိုင်လ ၆ ရက် နေ့လယ် ၂ နာရီခန့်က စစ်ကောင်စီတပ်သား အလောင်း ၃၅၀ ကျော်နှင့် AA က သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

မောင်တောဒေသတွင် စစ်ကောင်စီ၏ ကျန်ရှိနေသေးသော နခခ ၂ လေးမိုင်တပ်စခန်း၊ နခခ ၅ မြို့သူကြီးတပ်စခန်းနှင့် အခြားသော တပ်စခန်းများကို AA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နခခ ၂ တွင် စကခ ၁၇ လက်အောက်ခံတပ်ရင်းများ စုပေါင်းခုခံနေကြောင်း သိရသည်။

ဆက််စပ်သတင်းများ