Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသော စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာသားများကို ရုံးချိန်းများချိန်းဆိုသော်လည်း တစ်စုံတစ်ရာစစ်ဆေးခြင်းများ မပြုလုပ်ကြောင်း တရားစွဲဆိုခံထားရသူများ၏ မိသားစုဝင်များက ပြောသည်။

ဗျိုင်းဖြူကျေးရွာသားများကို ပြီးခဲ့သည့် မေလအတွင်းက စစ်ကောင်စီမှ ဖမ်းဆီးခဲ့ပြီး ဇွန် ၂၅ ရက်နေ့တွင် စတင်ရုံးထုတ်ခဲ့ကာ ရုံးချိန်း ၂ ကြိမ်မြောက်အထိ တစ်စုံတစ်ရာ စစ်ဆေးခြင်းများ မပြုလုပ်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“ရုံးချိန်းမှာ ဘာမှ မစစ်ဆေးပါဘူး။ ထောင်က ခေါ်လာတယ် တရားရုံးသွားတယ်။ ထောင်ကို ပြန်ပို့တယ်။ တရားသူကြီးကလည်း ဘာမှ မစစ်ဆေးပါဘူး။ အခုလည်း ထပ်ချိန်းထားတယ်။ အမှုနဲ့ပတ်သက်ပြီး ၁၇(၁) အမှုလို့ပဲ သိထားတယ်။ တစ်ခြားဘာမှလည်း မသိရဘူး” ဟုပြောသည်။

ဗျိုင်းဖြူကျေးရွာသားများကို အုပ်စု ၆ ခုခန့်ခွဲပြီး ရုံးထုတ်ကာ အုပ်စုတစ်ခုတွင် ၁၀ ဦးကျော် ပါရှိကြောင်း သိရသည်။

ရုံးထုတ်လာစဉ်တွင် မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မရဘဲ ရုံးချိန်းသို့လာရောက်သည့် မိသားစုဝင်များကို မောင်းထုတ်သည်များသာ ကြုံရသည်ဟု ဖမ်းဆီးခံရသူများထဲမှ မိသားစုဝင်တစ်ဦးက ပြောသည်။

“သူတို့က တစ်ရွာလုံးလိုလိုကို ဖမ်းဆီးထားတာဆိုတော့ ရုံးချိန်းနေ့ဆို လူတွေက အရမ်းများတာ။ ကိုယ့်မိသားစုဝင်ကို ကိုယ်တွေ့ခွင့် ရနိုးနိုး လာကြတာပဲလေ။ ဒါပေမယ့် တွေ့ခွင့်မရကြပါဘူး။ ကျမတို့ အဆဲဆိုပဲခံကြရတယ်။ မောင်းထုတ်ခံကြရတယ်။ ဟိုနေ့ကဆို သူဒီမှာရှိနေပါတယ်ဆိုပြီး လှမ်းအော်တာလောက်ပဲ ကြားခဲ့ရတယ်။ အရမ်းကို စိတ်ထိခိုက်ရပါတယ်” ဟုပြောသည်။

လက်ရှိ တရားစွဲဆိုခံထားရသူ ဗျိုင်းဖြူကျေးရွာသားများကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က ကျေးရွာအတွင်း ဝင်ရောက်ကာ အကြမ်းဖက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တချို့ကိုကျေးရွာအတွင်း သတ်ဖြတ်ခဲ့သည်။

ဖမ်းဆီးခံရသူများကို ညှင်းပမ်းနှိပ်စက်ခြင်းများရှိပြီး တချို့မှာ ဆေးကုသမှုခံယူကြရသည်အထိ ရှိကြောင်း ညှင်းပမ်းနှိပ်စက်ခံရသူများ၏ မိသားစုဝင်များက ပြောသည်။

စစ်တွေမြို့နယ်တွင် လက်ရှိ ဗျိုင်းဖြူကျေးရွာသားများအပြင် တခြားရပ်ကွက် ကျေးရွာအသီးသီးမှလည်း ဖမ်းဆီးခံရသူအများအပြားရှိနေပြီး ဖမ်းဆီးခံရသူထဲမှ အများစုမှာ အဆက်သွယ်မရဘဲရှိနေသေးကြောင်း သိရသည်။

ဆက််စပ်သတင်းများ