Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဓာတ်ပုံ- သေဒဏ်ချမှတ်ခံရသည့် လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၏ ဒေသကွပ်ကဲရေးမှူးဟေင်း ဗိုလ်ချုပ်ဇော်မင်း။

ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၏ ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းကို စစ်ကောင်စီက သေဒဏ်ကြိုးမိန့်ချမှတ်လိုက်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လအတွင်းတွင် ကျားဖြန့်ငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းကို ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း အပါအဝင် အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်တို့နှင့်အတူ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ထို့နောက် မေလအတွင်းတွင် ဗိုလ်ချုပ်ဇော်မင်း အပါအဝင် ဗိုလ်ချုပ်များကို ထောင်ဒဏ်များ အသီးသီးချမှတ်ပြီး ပိုင်ဆိုင်မှုများကို ချိတ်ပိတ် သိမ်းဆည်းခဲ့ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

တရုတ်ဘက်မှ တောင်းဆိုလာမှုများအရ ယခုဇူလိုင်ဆန်းပိုင်းတွင် လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၏ ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းကို ထပ်မံ၍ သေဒဏ်ကြိုးမိန့် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က “လောက်ကိုင် ဒစကမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းကို သေဒဏ်ကြိုးမိန့်ချမှတ်ပြီးတော့ ဒိုက်ဦးထောင်ကို ပို့ဆောင်ထားပါတယ်” ဟု ပြောဆိုသည်။

လောက်ကိုင်ကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းကို အပါအဝင်သေဒဏ်ချမှတ်ခံရသော ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်အဆင့် ၄ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင်မှ စစ်သည်နှင့်တပ်မိသားစုဝင် ၄၀၀၀ ကျော် MNDAA ထံတွင် လက်နက်ချ အညံ့ခံမှုတွက် အဓိက တာဝန်ရှိသူဟု သတ်မှတ်ကာ လောက်ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို နိုင်ငံတော်ပုန်ကန်မှု၊ အမိန့်မ လိုက်နာမှု၊ တာဝန်မကျေပွန်မှု တို့အပါအဝင် တပ်မတော်အက်ဥပဒေများ၊ ပုဒ်မ များစွာဖြင့် သေဒဏ်ပြစ်ဒဏ်များကို စစ်ခုံရုံးက ချမှတ်ခဲ့သည်။

ထို့ပြင်မေလနှောင်းပိုင်းအတွင်း ရာထူးမှ ဖယ်ရှားဖမ်းဆီးခံခဲ့ရသော စစ်ကောင်စီ၏ လက်ရုံးတပ် ညွှန်ကြားရေးမှူးများဖြစ်သည့် စစ်လက်နက်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းလွင်၊ သံချပ် ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်လွင်ဦးတို့ကိုလည်း ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ဗိုလ်ချုပ်ဝင်းလွင်သည် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရပြီး တောင်ငူထောင်နှင့် ဗိုလ်ချုပ်ဇော်လွင်ဦးကို ထောင်ဒဏ် ၁ နှစ်ချမှတ်ပြီး မန္တလေး အိုးဘိုထောင်သို့ လည်းကောင်း ပို့ဆောင်လိုက်ကြောင်း သတင်းရင်းမြစ်ဆီမှ သိရသည်။

ထို့ပြင် ကချင်ပြည်နယ်၊ ပူတာအိုဒေသမှ စစ်ဗျူဟာမှူးဟောင်း ဗိုလ်မှူးကြီး ဇော်ထွဋ်ဟန်၊ တပ်မ ၇၇ တပ်မမှူးဟောင်းဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန(စစ်ရုံး)မှ ဗိုလ်ချုပ် မင်းကိုကို ၊ တပ်မ ၄၄ တပ်မမှူးဟောင်း ဗိုလ်မှူးချုပ် စိုးမင်းထက်တို့ကိုလည်း ထောင်ဒဏ်များ အသီးသီးချမှတ်ကြောင်း သိရသည်။

နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က “စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်ထွဋ်ဟန်က ထောင်ဒဏ် ၁၅ နှစ်နဲ့ မန္တလေး အိုးဘိုထောင်၊ တပ်မ ၇၇ တပ်မမှူးဟောင်းဖြစ်ခဲ့တဲ့ စစ်ရုံးမှ ဗိုလ်ချုပ်မင်းကိုကိုကတော့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရပြီးတော့ တောင်ငူထောင်၊ မြ၀တီ သင်္ဃန်းညီနောင် ဗျူဟာစခန်း ကျဆုံးမှုမှာ တံတား ၂ ကို ထွက်ပြေးခဲ့တဲ့ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းထက်ကတော့ ထောင်ဒဏ် ၁၄ နှစ်နဲ့ တောင်ငူထောင်ကို အသီးသီး ပို့ဆောင်လိုက်ပါတယ်” ဟု ဆိုသည်။

ဇွန်လ ၁၉ ရက်နေ့ ဝင်းနေမ္မိတာရုံကျောင်းတိုက်ဆရာတော်ကို စစ်တပ်က ပစ်သတ်ခဲ့မှုတွင် ကံသုံးဆင့် ဆရာ တော်ကြီးကို နန်းတွင်းသို့ ခေါ်ယူ စစ်ကြောရေးလုပ်ခဲ့သူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်ကို တပ်မတော်အရန်အင်အားသို့ ပြောင်းရွှေ့ပြီး ခုံရုံးဖွဲ့စစ်ဆေးခံခဲ့ရသည်။

ခုံရုံး၏ စိစစ်ချက်များအရ မပြုကျင့်အပ်သော အပြုအမူတို့ကို ပြုမူခဲ့သည်ကို စိစစ်တွေ့ရှိခဲ့ရပြီး ၎င်း၏အပြုအမူကို ရှုတ်ချပြီး မည်သည့်ခံစားခွင့်မှ မပေးဘဲ စစ်တပ်မှ အပြီးအပိုင် ထုတ်ပယ်လိုက်ကြောင်း သိရသည်။

ရန်ကုန် ခေတ်သစ်သည် Western News ၏ မဟာမိတ်ဖြစ်သည်။

ဆက််စပ်သတင်းများ