Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည် သံတွဲမြို့နယ်က မောင်ရွှေလေး ရေတပ်အနီး ဇလွန်ရွာမှာ စစ်ကောင်စီက တပ်စခန်းငယ် အသစ်တစ်ခု တိုးချဲ့တပ်စွဲနေရာယူထားကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ဖြင့် ပြီးခဲ့သည့် ၄ ရက်ခန့်က ရွာထဲ တပ်စွဲနေရာယူထားခြင်းဖြစ်ကြောင်း မျက်မြင်ဒေသတစ်ဦးက ပြောသည်။

” ဇလွန်ရွာမှာ စစ်ကောင်စီတပ်သားတွေ ပြီးခဲ့တဲ့ ၄ ရက်လောက် တပ်စွဲနေယူထားတယ်။ အရင်က မရှိဘူး။ ဒီရက်ပိုင်းမှ စခန်းအသစ် ထိုင်လိုက်တာ။ အင်အား ၁၃၀ ကျော်လောက်ရှိမယ်။ မောင်ရွှေလေး ရေတပ်နဲ့ နီးတော့ အဲက အင်အားတွေ ထင်ပါတယ်။ ဇလွန်က အဝေးပြေး လမ်းမှာ အလယ်မှာ လမ်းဆုံမှာဆိုတော့ တပ်စခန်းထိုင်ဖို့ ကောင်းထင်ပါတယ်။ ” ဟု ပြောသည်။

ဇလွန်ရွာနှင့် မောင်ရွှေလေး ရေတပ်တို့သည် ၁၀ မိုင်ခန့်ဝေးပြီး ရေတပ်သွားရာလမ်းကြောင်းရှိသည်ဟု သိရသည်။

ဇလွန်ရွာမှာ တပ်စွဲ စစ်ကောင်စီတပ်သားများမှာ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် နေရာယူထားပြီး လမ်းသွားလမ်းလာများနှင့် ကုန်စည်ခရီးသွားများကို တင်းကျပ်စွာ စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။

အာရက္ခတပ်တော် AA က ငပလီမြို့မှာရှိသည့် စစ်ကောင်စီတပ်ရင်း နှစ်ခုနှင့် သံတွဲမြို့အနီးက တပ်စခန်းငယ်များကို သိမ်းပိုက်ပြီးနောက် သံတွဲမြို့နယ်တစ်ခုလုံးအား သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေသည်။

AA ထိုးစစ်ကြောင့် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများမှာ သံတွဲမြို့ထဲသို့ ဝင်ရောက်ပြီး ရဲစခန်းနှင့် အကျဉ်းထောင်၌ တပ်စွဲထားသော ခံတပ်များဖြင့် ပူးပေါင်းကာ AA အား ပြန်လည်ခုခံတိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီသည် မောင်ရွှေလေးရေတပ်ကနေ ထပ်မံအင်အားဖြည့်ကာ သံတွဲမြို့အနီးတဝိုက်သို့ ပြန်လည်ချဉ်းကပ်လာပြီး AA ထိုးစစ်အား ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် ခုခံတိုက်နေခြင်းဖြစ်သည်။

သံတွဲ စစ်ရေးအခြေအနေသိသူတစ်ဦးက ” သံတွဲမြို့နယ်မှာတော့ အဓိက တပ်ရင်းတွေကို AA က သိမ်းထားပေမယ့် စစ်ကောင်စီတပ်စခန်းငယ်တွေ၊ တပ်သားတွေက ထွက်ပြေးလွတ်မြောက်နေသေးတယ်။ ဒါကို AA က လိုက်လံရှင်းလင်းနေတော့ တိုက်ပွဲက အရမ်းပြင်းထန်နေကြပါတယ်။ စစ်ကောင်စီကလည်း နေ့တိုင်း သံတွဲမြို့ရော၊ ရွာဘက်တွေရော ဗုံးလာကြဲတိုက်ခိုက်နေတယ်။ ” ဟု ပြောသည်။

ယနေ့ နံနက်ကလည်း သံတွဲမြို့ အမှတ် ၅ ရပ်ကွက်ကို စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသလို နေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရသည်။

ဇူလိုင်လ ၁၂ ရက်နေ့က စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ရှေးဟောင်းသမိုင်းဝင် ရွှေနံတော်စေတီတောင်ပေါ်ရှိ ဓမ္မာရုံပျက်စီးသွားကြောင်းနှင့် သံတွဲမြို့ထဲက အမှတ် ၂ စာသင်ကျောင်းလည်း ထိခိုက်ပျက်စီးပြီဖြစ်သည်။

ငပလီကမ်းခြေက ဟိုတယ်အချို့နှင့် နေအိမ် အများအပြားမှာ စစ်ကောင်စီ၏ လက်နက်ကြီးကြောင်းနှင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု ရှိသည်ဟု သိရသည်။

ဆက််စပ်သတင်းများ