Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - သံတွဲမြို့နယ် မောင်ရွှေလေးရေတပ်စခန်း။ (ဓါတ်ပုံ - CJ)

ရခိုင်ပြည် သံတွဲမြို့ဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ရန် မောင်ရွှေလေးရေတပ်နှင့် အသစ်တိုးချထားသည့် စစ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ငပလီမြို့နှင့် သံတွဲမြို့ပေါ်သို့ AA တပ်ဖွဲ့ဝင်များ ဝင်ရောက် စိုးမိုးထားနိုင်သော်လည်း ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရေတပ်နှင့်ပူးပေါင်းကာ AA အား ပြန်လည်ခုခံနေသည်။

သံတွဲ စစ်ရေးသိသူတစ်ဦးက ” ဒီရက်ပိုင်း မောင်ရွှေလေးရေတပ်အနီးမှာ စစ်ကောင်စီနဲ့ AA တိုက်ပွဲ အရမ်းပြင်းထန်နေတယ်။ စစ်ကောင်စီဟာ ရေတပ်က အင်အားဖြည့်တင်းနေသလို လေယာဉ်နဲ့လည်း လာရောက် ပစ်ကူပေးနေတယ်။ ရေတပ်ရှိတဲ့ မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာမှာ တိုက်ပွဲ ဖြစ်နေကြတာပါ။ ” ဟု ပြောသည်။

စစ်ကောင်စီသည် မောင်ရွှေလေးရေတပ်ကို ဧရာဝတီကမ်းလွန်ရှိ စစ်သင်္ဘောများ၊ ဂွမြို့အနီးရှိ စစ်သင်္ဘောများမှ အင်အားဖြည့်တင်းပေးနေပြီး မောင်ရွှေလေးရေတပ်မှ တစ်ဆင့် ဂျိတ္တောနှင့် ဇွန်က စစ်စခန်းကို အင်အား ရာနှင့်ချီ ဖြည့်တင်းပေးနေခြင်းဖြစ်သည်။

နောက်ထပ် သံတွဲဒေသခံတစ်ဦးက ” မောင်ရွှေလေးရေတပ်နဲ့ တစ်ဖက်တစ်ကမ်း ဂျိတ္တောနဲ့ ၁၀ မိုင်ခန့်ဝေးတဲ့ ဇလွန်ရွာမှာ စစ်စခန်းအသစ်တွေ တိုးချထားတယ်။ အင်အား ၄၀၀ နဲ့အထက်ကို ရှိမယ်ထင်တယ်။ ရေတပ်အနီးက ၃,၄ မိုင်အကွာလောက်မှာ ကွင်းဝိုင်း၊ မောင်ရွှေလေး၊ သဗြုချိုင်၊ သရက်ပင်ကွင်း စတဲ့ ရွာတွေမှာလည်း စစ်ကောင်စီက တပ်ဖြန့်ထားတယ်။ ဒီနေရာတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်တယ်။ ” ဟု ပြောသည်။

အာရက္ခတပ်တော် AA အနေဖြင့် သံတွဲဒေသအား အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ရန် မောင်ရွှေလေးရေတပ်တစ်ခုသာ ကျန်ရှိပြီး စစ်ကောင်စီကလည်း သံတွဲမြို့ ပြန်လည်ရရှိရေး ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အပြင်းအထန် ခုခံနေသည်။

တစ်ဖက်မှာလည်း AA ထိန်းချုပ်ထားသော ငပလီမြို့နှင့် သံတွဲမြို့ပေါ်တို့ကို စစ်ကောင်စီက လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေသလို အရပ်သားများ စစ်ရှောင်ရာ ကျေးရွာများကိုလည်း ရည်ရွယ်ချက်ချက် ရေတပ်က လက်နက်ကြီးပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ပြုလုပ်နေသည်။

ယင်းအပြင် အာရက္ခတပ်တော် AA သည် သံတွဲ၏ နောက်ဆုံးလက်ကျန် မောင်ရွှေလေးရေတပ်နှင့် စစ်စခန်းငယ်များကို ထိုးစစ်ဆင်တိုက်ခိုက်မှု တစ်ပြိုင်နက်တည်းမှာ သံတွဲ-ဂွ ကြားရှိ ကျိန္တလီမြို့အနီးက ပုဇွန်ဖြေနှင့် ကျောက်ကြီးတို့တွင် ထိတွေ့တိုက်ပွဲများ ယမန်နေ့က ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

preload imagepreload image