ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့မှာ စစ်ကောင်စီနှင့် ကိုးကန့်တပ် MNDAA တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန် တရုတ်က မြန်မာမြောက်ပိုင်းအခြေအနေကို စောင့်ကြည့်နေပြီး အပစ်ရပ်ဆွေးနွေးကြရန် ပြောဆိုနေသည်။
မြန်မာပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်စီမံကိန်းများကို မထိခိုက်စေရန်နှင့် စစ်ကောင်စီ၊ လက်နက်ကိုင်တပ်ဖွဲ့များကြား အပစ်ရပ်ဆွေးနွေးကြရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မော်နင်းက ယမန်နေ့ ဇူလိုင်လ ၂၅ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
” မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေကို တရုတ်နိုင်ငံက အရမ်းစိုးရိမ်တယ်။ အပစ်အခတ်ရပ်စဲရေး၊ တိုက်ပွဲများအမြန်ဆုံးရပ်စဲဖို့ ကွဲပြားမှုတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုတယ်။ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ လုံခြုံရေးကို မထိခိုက်စေဖို့ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တိုက်တွန်းထားပါတယ်။ ” ဟု ပြောသည်။
လားရှိုးမြို့က စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၄ နာရီတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA က ကြေညာပြီးနောက် စစ်ကောင်စီကလည်း ရမခ မကျသေးကြောင်း ပြောနေချိန် တရုတ်က ယင်းကဲ့သို့ အပစ်ရပ်ရေးစကား ပြောဆိုလာခြင်းဖြစ်သည်။
လားရှိုးတွင် ရမခ ကို MNDAA က သိမ်းပိုက်ထားသော်လည်း ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသေးသည့်အတွက် နှစ်ဖက်တိုက်ပွဲမှာ ဆက်လက်ရှိနေသေးကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောဆိုကြသည်။
နယ်စပ်နေထိုင်သူများနှင့် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တရုတ်နိုင်ငံသားများ ဘေးကင်းရေးဆောင်ရွက်ရန် မောင်နင်းက တောင်းဆိုထားသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် စစ်ပွဲရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက် ဖြစ်မြောက်ရေး အရှိန်အဟုန်မြှင့် တွန်းအားပေးသွားမည်ဟု သိရသည်။