Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်သို့ စစ်ကူသွားသော စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာမှု ရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းကို ဇူလိုင်လ ၃၀ ရက်နေ့ နံနက်အစောပိုင်း လားရှိုးမြို့နယ် မန်ပန်နှင့် ဟိုနားကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ပြီး ကစဉ့်ကလျားဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ် အင်အား ၃၀၀ ဝန်းကျင်က စစ်ကားကြီး ၁၅ စီးဖြင့် ဇူလိုင်လ ၂၉ ရက်နေ့ တန့်ယန်းမြို့နယ်မှ နမ့်မူဆယ်၊ နောင်လိုင်တို့ကို ဖြတ်သန်းပြီးလားရှိုးဘက်သို့ ထွက်သွားခဲ့အချိန်တွင် ကြားဖြတ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

တော်လှန်ရေး သတင်းရင်းမြစ်တချို့ထံမှ ပြောဆိုချက်မှာ လတ်တလော စာရင်းများအရ စစ်တပ်ဘက်မှ ၅၀ ကျော် သေဆုံးပြီး ရာချီဒဏ်ရာရရှိခဲ့ကာ စစ်ကူ စစ်ကြောင်းတစ်ခုလုံး ကစဉ့်ကလျားဖြင့် ထွက်ပြေးသွားကြောင်း ဆိုသည်။

တော်လှန်ရေး စစ်ရေး သတင်းရင်းမြစ်က “MNDAA နဲ့ BPLA နဲ့ မဟာမိတ်တပ်တွေက ကြားကနေ စောင့်ပြီး တိုက်တာ။ သူတို့ တက်လာကတည်းက ဒီဘက်မှာ သတင်းတွေက ရတော့ ကြားဖြတ်တိုက်တာ ကားကြီး ၁၅ စီးလောက်ရှိမယ်။ ကားတွေ မီးလောင် တယ်။ စစ်သားတွေလည်း သေတာ ၅၀ ကျော်လောက်ရှိမယ်။ ဒဏ်ရာရတဲ့သူတွေ တင်ပြီး နောက်ကြောင်း ပြန်ဆုတ်သွားတယ်” ဟုဆိုသည်။

စစ်ကောင်စီတပ်က လက်ရှိ လားရှိုးတွင် တိုက်ခိုက်ခံနေရသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို စစ်ကူပေးရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေသော်လည်း တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုများကြောင့် စစ်ကူမသွားနိုင်တော့ဘဲ ဖြစ်နေသည်။

ဆက််စပ်သတင်းများ