Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ -၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျောက်တော်မြို့နယ်တွင် အသက် ၄၁ နှစ်အရွယ်အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက် ဖြတ်လိုက်ရစဉ်။ (ဓါတ်ပုံ - CJ)

ရခိုင်မှာ ၂၀၂၄ ဇူလိုင်လအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁ ဦးနှင့် ကိုယ်လက်အင်္ဂါထိခိုက်သူ ၃ ဦးထက်မနည်း ရှိခဲ့သည်။

သေဆုံးသူမှာ ဇူလိုင်လ ၁ ရက်နေ့က မြောက်ဦးမြို့နယ် နဒင်ကျေးရွာမှ အမျိုးသား ၁ ဦး၊ ကိုယ်လက်အင်္ဂါထိခိုက်သူများမှာ ဇူလိုင်လ ၂၆ ရက်နေ့က ကျောက်ဖြူမြို့ စေတီယျရပ်ကွက်မှ အမျိုးသား ၁ ဦး၊ ဇူလိုင် ၈ ရက်နေ့က ဂွမြို့ ကျိန္တလီမှ အမျိုးသား ၁ ဦး၊ ဇူလိုင် ၃ ရက်နေ့က ၁ ဦးနှင့် ဇူလိုင် ၁၆ ရက်နေ့က အမ်းမြို့ အမှတ်(၄) ရပ်ကွက်မှ အမျိုးသမီး ၁ ဦးတို့ဖြစ်သည်။

မြေမြှေုပ်ပ်မိုင်းကြောင်း ထိခိုက်ခဲ့သူထဲမှ တစ်ဦးဖြစ်သည့် အမ်းမြို့မှ အမျိုးသမီးမှာ ပဲပဒုံဘက်သို့ မျှစ်ချိုးသွားရာမှ ယခုကဲ့သို့ မိုင်းနင်းမိကာ ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသည်ဟု နီးစပ်သူတစ်ဦးကပြောသည်။

” သူတို့ မိသားစုက တော်တော်ချို့တဲ့တာ လင်ယောက်ျားဖြစ်သူကလည်း ခြေတစ်ဖက်မသန်စွမ်းဘူး။ မိန်းမဖြစ်သူကပဲ ရှာဖွေပြီး စားသောက်နေကြတာ။ အခုမိုင်းထိပြီး သူပါ ခြေတစ်ဖက်ထပ်ဆုံးရှုံးရပြန်ပြီ။ ရှေ့ကို ဘယ်လိုနေထိုင် လုပ်ကိုင်စားသောက်ကြမလဲဆိုတာ တွေးလို့တောင် မရပါဘူး” ဟု ပြောသည်။

မိုင်းထိလူနာများမှာ ဝမ်းရေးအတွက် တောတောင်များသို့ ဟင်းခူး၊ ထင်းခုတ်သွားရာမှ မြေမြှုပ်မိုင်းနင်းမိကြပြီး သေဆုံး၊ ထိခိုက်ကြရခြင်းဖြစ်သည်။

မိုင်းထိလူနာအများစုမှာ ဆေးကုသစရိတ်မတတ်နိုင်သည်က များပြားပြီး စစ်ကောင်စီထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီက ၎င်းတို့ထောင်ထားသည့်မိုင်းအား နင်းမိပါက မိုင်းထိလူနာများထံမှ မိုင်းဆုံးရှုံးမှုတန်ဖိုး လျော်ကြေးငွေ တောင်းခံနေသည်။

မိုင်းနင်းမိသူများသည် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ ပေးနေရပြီး လျော်ငွေမပေးပါက အသက်ရှင်လာသူများအား ဆေးကုသခွင့်မပြုဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြိမ်းခြောက် အကျပ်ကိုင်နေကြောင်း ဂွမြို့ဒေသခံက ပြောသည်။

လက်ရှိတွင် ရခိုင်က မြို့နယ်တိုင်း၌ မြေမြှုပ်မိုင်းအန္တရာယ်မှာ အလွန်ကြီးမားနေပြီး တောတောင်အားမှီခို၍ အသက်မွေးသူများမှာ အသက်စွန့်ကာ သွားလာလှုပ်ရှားနေကြရသည်ဟု မြောက်ဦးမြို့နယ်မှ တောင်ယာလုပ်ကိုင်သူ ဒေသခံတစ်ဦးက ဆိုသည်။

“ကျနော်တို့ ယာက ခမရ ၅၄၀ တပ်ရဲ့ အရှေ့ဖက်မှာ ရှိတယ်။ တပ်ပိုင်မြေတွေလည်း အဲ့ဖက်မှာအများကြီးပဲ။ အရင်ကတော့ ပုံမှန်အတိုင်း နွားကျောင်း၊ ယာလုပ်နဲ့ အမှုမဲ့အမှတ်မဲ့နေခဲ့ပေမယ့် အခုက နေလို့မရတော့ဘူး။ ကျနော် နွားကျောင်းထွက်ရင် မြေသားထဲက နည်းနည်းပေါ်နေတဲ့ မိုင်းတွေ၊ မပေါက်ကွဲဘဲ အလုံးလိုက်ကြီးစိုက်ကျနေတဲ့ လက်နက်ကျည်တွေ အမြဲတွေ့ရတယ်။ ဒါတွေကြောင့် ကိုယ့်ရှိတဲ့ဟာလေး စွန့်သွားလို့လည်းမဖြစ်ပြန်တော့ ဒီအတိုင်းသွားလာနေရတာပါပဲ” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် AA တို့တိုက်ပွဲကြောင့် မိုင်းနင်းမိ၍ သေဆုံးသူ၊ ခြေလက်အင်္ဂါ ဆုံးရှုံးသွားသူ ၅၀၀ အနည်းဆုံးရှိနေပြီး ယခု တကျော့ပြန်စစ်ပွဲအတွင်းမှာလည်း မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၁၀၀ နီးပါးရှိကြောင်း မှတ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူအရေအတွက် ၁၀၀၀ ကျော်တိုးလာကြောင်း ဧပြီလ ၄ ရက်နေ့က ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာအေဂျင်စီ ယူနီဆက်ဖ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်းများကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်များ အပါအဝင် အရပ်သား အသေအပျောက် အရေအတွက်သည် ယမန်နှစ်ကထက် နှစ်ဆကျော် မြင့်တက်လာခဲ့ကြောင်း ယူနီဆက်ဖ်က ဆိုသည်။

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အကြွင်းအကျန်များကြောင့် အသေအပျောက် ၂၇၀ ရာခိုင်နှုန်း ခုန်တက်သွားကာ ၂၀၂၃ ခုနှစ်တွင် ၁၈၈ ဦး သေဆုံးကာ ၈၆၄ ဦး ဒဏ်ရာရရှိခဲ့သည်။

၂၀၂၂ ခုနှစ်တွင် အသေအပျောက် ၃၉၀ ထက်မနည်း တိုးမြင့်လာခဲ့ပြီး ယမန်နှစ်က မြေမြှုပ်မိုင်းဒဏ်ခံရသူအားလုံး၏ ၂၀ ရာခိုင်နှုန်းကျော်သည် ကလေးငယ်များဖြစ်သည်ဟု ယူနီဆက်ဖ် UNICEF က ဆိုသည်။

ဆက််စပ်သတင်းများ