Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၃ ခုနှစ်အတွင်း လားရှိုးမြို့နယ်စစ်ဆေးရုံကို သွားရောက်ခဲ့သည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းရှိ ကုတင် ၁၀၀ စစ်ဆေးရုံတပ်နှင့် MNDAA တို့အကြား တိုက်ပွဲတွင် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူး အပါအဝင် ဒဏ်ရာရ စစ်အရာရှိကြီးတချို့ပါ သေဆုံးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁ ရက်နေ့တွင် လေယာဉ်ကွင်းကို သိမ်းပိုက်ထားသော MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတပ်များက ရှေ့သို့ ချီတက်လာစဉ် လားရှိုး ကုတင် ၁၀၀ စစ်ဆေးရုံတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

MNDAA တပ်များက ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ရာ စစ်ဆေးရုံတပ်များ အကျဆုံးများစွာဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ပင်မရုံးချုပ်ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၏ ကိုယ်ရေးအရာရှိ သေဆုံးခဲ့သည့်အပြင် ဆေးရုံတက်ကုသမှု ခံယူနေရသည့် စစ်အရာရှိကြီးတချို့ပါ တစ်ပါတည်း သေဆုံးခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

စစ်ဘက်သတင်းရင်းမြစ်က “ဆေးရုံစောင့်တပ်နဲ့ မြောက်ပိုင်းတပ်တွေ ထိတွေ့မှုဖြစ်တော့ Drop bomb ​တွေ ဒရုန်းနဲ့ ချတယ်။ ကုတင် ၁၀၀ ​ဆေးရုံမှာ ဒဏ်ရာရ စစ်အရာရှိတွေနဲ့ စစ်သည်တွေ ရှိတယ်။ အခု ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲဖြစ်ပြီးတော့ ရင်ခွဲရုံမှာ အ​လောင်း​တွေပုံ ပုပ်​စော်တွေနံနေတယ်။ မီးပျက်၊ ​အ​အေးခန်းမရှိ၊ ​ဆေးကုသမှု ဆိုင်ရာ ဆေးဝါးတွေလည်း မရှိတော့ဘူး ။ ​မြေမြှုပ်သဂြိုလ်​ပေးမည့်သူမရှိဘူး” ဟု ပြောသည်။

အခြားသော စစ်ရေးသတင်းရင်းမြစ်တစ်ခုကမူ လားရှိုးစစ်ဆေးရုံ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် စစ်အရာရှိကြီးတချို့ ပါဝင်နေကြောင်း ပြောဆိုကြသည်။

လက်ရှိတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ဗဟိုကင်းထဲအထိ မြောက်ပိုင်းမဟာမိတ်တပ်များက ဝင်ရောက် တိုက်ခိုက်နေပြီး များမကြာမီ စစ်ကောင်စီတပ်စခန်းနှင့် တိုင်းစစ်ဌာနချုပ်ကို အပြီးသတ် သိမ်းပိုက်နိုင်ရန်ရှိနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်ထံမှ သိရသည်။

ဆက််စပ်သတင်းများ