Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရခိုင်ပြည်၊ စစ်တွေမြို့ အာဂျိတ်တော်ကုန်းရှိ သုသာန်မြေနေရာအတွင်းမှာ နေအိမ်များဆောက်လုပ်ပြီး ကျူးကျော်နေထိုင်နေသူများကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက စစ်တပ်နှင့် ရဲအင်အား အလုံးအရင်းဖြင့် ဖျက်ဆီးဖယ်ရှားခဲ့သည်။

(တကျော့ပြန်တိုက်ပွဲကာလ ဖမ်းဆီးခံရသူ စစ်တွေမှာ အရပ်သား ၁၀၀၀ ကျော်ရှိလာ)

ရခိုင်ပြည် စစ်တွေမြို့တွင် ပိတ်မိနေကြသူများထဲမှ အရပ်သားအမျိုးသားများကို အဓိက ပစ်မှတ်ထား၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဖမ်းချင်တိုင်းဖမ်း၊ ကြမ်းချင်တိုင်းကြမ်းနေဟု ပိတ်မိနေသူ စစ်တွေဒေသခံများက ပြောဆိုကြသည်။

ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့ညက မင်းဂံရပ်ကွက်များနှင့် မြို့ထဲရပ်ကွက်များမှ အပြစ်မဲ့အရပ်သားပြည်သူ ၅၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူ မရှိသေးကြောင်း ပိတ်မိနေသူတစ်ဦးက ပြောသည်။

” မင်းဂံရပ်ကွက်ထဲက တော်တော်လေးပါသွားတယ်။ ဓညတတီ၊ ကုန်တန်း၊ ရွာကြီးတောင်၊ ရွှေပြား စတဲ့ ရပ်ကွက်တွေကလည်း ပါသွားတယ်။ ၅၀ ကျော် ၇၀ နီးပါးလောက်ရှိမယ်။ ပြန်လွတ်လာတာ မကြားသေးဘူး။ ကျနော်တို့က စစ်တွေမြို့က အရမ်းထွက်ချင်နေတာ၊ လုံးဝထွက်လို့ မရတော့ဘူး။ စစ်ကောင်စီ ဂိတ်တွေက နေရာတိုင်းမှာရှိနေတာ။ အခု စစ်ကောင်စီရဲ့ ဖမ်းချင်တိုင်းဖမ်း၊ ကြမ်းချင်တိုင်းကြမ်းနေတာ ခံရတာပေါ့။ ” ဟု ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဧည့်စာရင်းအကြောင်းပြ၍ ဖမ်းဆီးနေခြင်း၊ AA တပ်ဖွဲ့ဝင်များဟု စွပ်စွဲကာ ဖမ်းဆီးခြင်းနှင့် AA ကို အားပေးထောက်ခံ ကူညီဆောင်ရွက်မှုများ ပြုလုပ်သည်ဟုဆိုကာ အကြောင်းအမျိုးမျိုးပြ၍ အရပ်သားများကို ဖမ်းဆီးနေခြင်းဖြစ်သည်။

နောက်ထပ် စစ်တွေဒေသခံတစ်ဦးက “အိမ်တစ်အိမ်ကိုဝင်ရင် တွေ့တဲ့သူကို ဖမ်းခေါ်သွားပါတယ်။ အများအားဖြင့် အမျိုးသားတွေပေါ့။ မသင်္ကာလို့ ဖမ်းတာမျိုးလည်း မဟုတ်တော့ဘူး။ ဖမ်းချင်လို့ကို ဖမ်းတာမျိုး ဖြစ်နေတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဥပဒေမဲ့ လုပ်ရပ်များကို နေ့စဉ်နှင့်အမျှ ကျူးလွန်နေပြီး အပြစ်မရှိ အရပ်သားများကို ဖမ်းဆီးနေ၍ စစ်တွေမြို့ထဲရှိ ဒေသခံပြည်သူများမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ထိခိုက်ခံစားနေရသည်ဟု ပြောဆိုကြသည်။

မေလနှင့် ဇွန်လအတွင်း စစ်တွေမြို့တွင် အရပ်သား ၅၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရသလို ဇူလိုင်လတွင်လည်း ၁၀၀ ကျော် ဖမ်းဆီးခံထားရကာ ဖေဖော်ဝါရီ ဒုတိယအပတ်တွင် ရန်ကုန်မှ လေယာဉ်ဖြင့်လာသော ခရီးသည် ၆၀၀ ကျော်ကိုလည်း ဖမ်းဆီး စစ်ဆေးခဲ့သည်။

ယင်းအထဲက တချို့တစ်ဝက်သာ ပြန်လည်လွတ်ကြပြီး အရေအတွက်အတိအကျကို မသိရသော်လည်း ပြန်လွတ်လာသူများပြောပြချက်အရ အများစုက ငွေပေးပြီး ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

မေလ ၂၉ ရက်နေ့က ဝင်ရောက်စီးနင်းခံရသော စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှာ အပြစ်မဲ့ရွာသား ၂၀၀ ကျော် ဖမ်းဆီးခံရပြီး ယင်းအထဲက ၁၀၀ နီးပါးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရကာ ၅၀ ကျော်မှာ အကြမ်းဖက်မှုပုဒ်မ၊ မတရားအသင်းဆက်သွယ်မှုပုဒ်မတို့ဖြင့် တရားစွဲဆိုခံထားရသည်။

ရခိုင်မြို့တော် စစ်တွေမြို့ထဲက စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်များနှင့် တပ်ဖွဲ့ဝင်များအားလုံး အမြန်ဆုံး လက်နက်ချအညံ့ခံရန်နှင့် အညံ့မခံပါက တစ်ခုမကျန် တိုက်ခိုက်သွားမည်ဟု အာရက္ခတပ်တော် AA က သတိပေးပြောကြားထားသည်။

ဆက််စပ်သတင်းများ