(အရပ်သား ၅ ဦးသေဆုံးခဲ့ရပြီး ၄ ဦးပြင်းထန်ဒဏ်ရာရ)
(ဓါတ်ပုံသတင်း)
ရှမ်းမြောက် တအောင်းဒေသ ကွက်ခိုင်မြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီသည် ပေါင် ၅၀၀ ဗုံးဖြင့် ဂျက်တိုက်လေယာဉ်ဖြင့် လေးကြိမ်တိုင်လာရောက် တိုက်ခိုက်ခဲ့၍ အရပ်သား ၅ ဦးသေဆုံးခဲ့ရကာ ၄ ဦး ဒဏ်ရာပြင်းထန်သွားကြောင်း TNLA က ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ယနေ့ သြဂုတ် (၅)ရက်နေ့ ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်၏ ကင်းထောက်လေယာဉ်ပျံဝဲခဲ့ပြီးနောက် ညနေ(၃း၀၅)မိနစ်တွင် တစ်ကြိမ်၊ (၃း၁၁)မိနစ်တွင် တစ်ကြိမ်၊ (၃း၂၀)မိနစ်တွင် တစ်ကြိမ်၊ (၃း၃၀)အချိန်တွင်တစ်ကြိမ် လေကြောင်းမှတစ်ဆင့် ဖြတ်အားပြင်း လက်နက်အမျိုးအစားဖြစ်သည့် ပေါင်(၅၀၀)ဗုံး (၇)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA က ဆိုသည်။
ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့လယ် လမ်းဆုံတွင် တစ်နေရာ၊ ကွတ်ခိုင်မြို့မစျေးနှင့် မြို့အတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား(၃)ဦးနှင့် မြို့လယ်ရှိ ဒေသခံ(၂)ဦး စုစုပေါင်း(၅)ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုအပြင် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကွတ်ခိုင်မြို့တွင်းရှိ နေအိမ်(၅)လုံးထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ပြီး မြို့မစျေးရှိ ဆိုင်ခန့်တချို့လည်း မီးလောင်သွားကာ PSLF/TNLA ၏ ကွတ်ခိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ အချိန်မှီ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့တွင်လည်း MNDAA အုပ်ချုပ်နေသည့် သိန္နီမြို့တွင်ရှိ စျေးအတွင်းလူစည်ကားနေချိန် စစ်ကောင်စီတပ်က လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်လိုက်မှုကြောင့် ဒေသခံ (၇)ဦး သေဆုံးသွားခဲ့ပြီး လောက်ကိုင်မြို့ကိုလည်း မကြာခဏ လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။