Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - တ‌အောင်းဒေသ ကွတ်ခိုင်မြို့တွင် စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲမှုကြောင့် သေဆုံးသူ ဒေသခံ ၆ ဦးအထိရှိလာပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆိုင်ခန်းပေါင်း ၄၀၁ ခန်းမီးလောင်ပျက်စီးသွားခဲ့သည်။ (ဓါတ်ပုံ - TNLA)

စစ်ရေးပစ်မှတ် မဟုတ်တော့ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အရပ်သားများနေထိုင်ရာ လွတ်မြောက်နယ်မြေများကို အာဏာသိမ်း စစ်ကောင်စီသည် လေကြောင်းပစ်မှု ဆက်တိုက်ပြုလုပ်နေ၍ ဟန့်တားပေးရန် တရုတ်နှင့် နိုင်ငံတကာ မိသားစုများအား ညီနောင်မဟာမိတ် ၃ ဖွဲ့က တောင်းဆိုထားသည်။

ညီနောင် ၃ ဖွဲ့ဖြစ်သော ကိုးကန့်တပ် MNDAA, တအောင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့က ဩဂုတ်လ ၆ ရက်တွင် ထုတ်ပြန်ထားပြီး စစ်ကောင်စီသည် တိုက်ပွဲဇုန်မဟုတ်သည့် မြို့၊ ရွာများကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ကာ ကြီးလေးသော စစ်ရာဇဝတ်မှုများကို ပြောင်းပြောင်းတင်းတင်း ကျူးလွန်နေ၍ အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း ဆိုသည်။

” ဗုံးကြဲတိုက်ခိုက်ပြီး တိုင်းရင်းသားမိဘပြည်သူများကို သတ်ဖြတ်နေသော စစ်ကောင်စီတပ်၏ စစ်ရာဇဝတ်မှုကျူးလွန်နေမှုများကို ဝိုင်းဝန်းတားဆီး ဟန့်တားကြပါရန်ကိုလည်း အိမ်နီးချင်း ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား အဓိကထားပြီး နိုင်ငံတကာမိသားစုများအားလုံးတို့ကို အထူးယုံကြည် အားကိုးစွာဖြင့် တောင်းဆိုတိုက်တွန်းအပ်ပါသည် ” ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိတော့သည့် လောက်ကိုင်၊ သိန်းနီ(သိန္နီ)၊ ကွတ်ခိုင်၊ နမ့်ဆန်နှင့် မြောက်ဦး စသည့် မြို့နယ်များတွင် ဒေသခံပြည်သူလူထုတို့ နေထိုင်သွားလာရာ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ ဆေးခန်းများ၊ ဘာသာရေး အဆောက်အအုံများ၊ တံတားများကို စစ်ကောင်စီက ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေသည်။

စစ်ကောင်စီ လေကြောင်းက ပေါင် ၅၀၀ ဗုံးများနှင့် ဖျက်အားပြင်းဗုံးအမျိုးမျိုးတို့ဖြင့် ကြဲချနေ၍ ပြည်သူများ၏ အိုးအိမ်စည်းစိမ်များ ပျက်စီးနေသလို ထိခိုက်သေဆုံးမှုများ နေ့စဉ်ကြုံနေရသည်ဟု ညီနောင် ၃ ဖွဲ့က ဆိုသည်။

လွတ်မြောက်နယ်မြေက ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကင်းဝေးရေး လမ်းညွှန်ပြထားသည့်အတိုင်း နေထိုင်သွားလာကြရန်လည်း ညီနောင် ၃ ဖွဲ့က တိုက်တွန်းထားသည်။

ဆက််စပ်သတင်းများ