Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည် မြောက်ဦးမြို့ထဲ မြောက်ဦးဟိုတယ်ရှေ့ကို အာဏာသိမ်း စစ်ကောင်စီက ယနေ့ ဩဂုတ်လ ၁၀ ရက် နေ့လယ် ၁၂ နာရီခွဲကျော်အချိန်တွင် တိုက်လေယာဉ်ဖြင့် ဗုံးတစ်လုံးကြဲချခဲ့ကြောင်း မြို့ခံများက ပြောသည်။

စစ်ကောင်စီ ဗုံးကြောင့် ခရီးသွားလာနေသော တုတ်တုတ်ပေါ်ကျရောက်၍ ယာဉ်မောင်းအပါအဝင် ခရီးသည်စုစုပေါင်း ၄ ဦးထက်မနည်း သေဆုံးသွားကြောင်း မြို့ခံများထံမှ ကနဦး သတင်းရရှိသည်။

” နေ့လယ် ၁၂ နာရီခွဲကျော်လောက်ကပါ။ ဗုံးလာကြဲတာ။ မြောက်ဦးဟိုတယ်ရှေ့နဲ့ နဝရတ်ဟိုတယ်ရှေ့ကို ကျပါတယ်။ လမ်းမှာ ခရီးသည်နဲ့ သွားနေတဲ့ တုတ်တုတ်ပေါ်ကို ထိတယ်လို့ ပြောတယ်။ ၄ ဦးလား၊ ၅ ဦးလား မသိဘူး။ ပွဲချင်းပြီး သေသွားတယ်။ တော်တော်လေး ရုပ်ပျက်ဆင်းပျက်သေသွားတယ်လို့ ပြောတယ်။ တချို့အလောင်းဆို အူတွေ အပြင်ကို ထွက်ကျနေတယ်။ ခြေတွေ၊ လက်တွေ ပိုင်းပြတ်ပြီး ပြန့်ကြဲနေတယ်။ မြင်ကွင်းက အရမ်းကြောက်စရာကောင်းတယ်။ ” ဟု ပြောသည်။

ဖုန်းလိုင်းဆက်သွယ်ရေး မကောင်း၍ ကနဦးသတင်းအရ သေဆုံးသူမှာ ၄ ဦးထက်မနည်းရှိပြီး ဒဏ်ရာသူမှာ ၆ ဦးထက်မနည်းရှိနိုင်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေများနှင့် တိုက်ပွဲဇုန်မဟုတ်တော့သည့် မြို့ရွာများသို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကို နေ့စဉ် ကျူးလွန်နေသည်။

စစ်ကောင်စီက ထိုသို့ လေကြောင်းပစ်ခတ်မှုကျူးလွန်နေခြင်းကို တရုတ်နှင့် နိုင်ငံတကာက ဟန့်တားပေးပါရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က တောင်းဆိုထားသည်။

ဆက််စပ်သတင်းများ