Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ဗျိုင်းဖြူရွာထဲက ပြန်လည်လွတ်မြောက်လာသော မိသားစုအချို့ကို စစ်တွေမြို့ထဲက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၌ ခိုလှုံနေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ပထမအပတ်အတွင်းက တွေ့ရစဉ်။ (ဓါတ်ပုံ - CJ)

စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့၏ အကြမ်းဖက်ဝင်ရောက်စီးနင်းမှုကို ခံခဲ့ရသည့် ဗျိုင်းဖြူကျေးရွာတွင် အမျိုးသမီးငယ် ၃ ဦးထက်မနည်း အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ဖြစ်စဉ်သိသူ ဗျိုင်းဖြူရွာသားများက ပြောသည်။

အဓမ္မပြုကျင့်မှုဖြစ်စဉ်များမှာ စစ်ကောင်စီတပ် ကျေးရွာအတွင်း စတင်ဝင်ရောက်ခဲ့သည့် မေလ ၂၉ ရက်နေ့ကပင်ဖြစ်ပြီး အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးငယ်များမှာ အသက် ၁၀ ကျော်အရွယ် နှစ်ဦးနှင့် အသက် ၂၀ ကျော်တစ်ဦးတို့ ပါဝင်ကြောင်းသိရသည်။

အဓမ္မပြုကျင့်ခံရသူထဲ စိတ်ရောဂါဝေဒနာ ခံစားနေရသူ အမျိုးသမီးငယ်တစ်ဦးပါဝင်ပြီး ထိုအမျိုးသမီးငယ် အဓမ္မပြုကျင့်ခံရသည့်ဖြစ်စဥ်အား မိသားစုနှင့်နီးစပ်သူ ဗျိုင်းဖြူရွာဒေသခံ အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ရွာကို စစ်သားတွေ ဝင်လာတဲ့နေ့က ထွက်ပြေးကြတယ်လေ အဲ့မှာ အဲ့ဒီကောင်မလေးက သူ့အဖိုးနဲ့အတူ ကျန်ခဲ့တယ်။ အဖိုးက နေမကောင်းလို့ မထနိုင်ရှာဘူး။ ကောင်မလေးက စိတ်မမှန်တော့ ခေါ်မရလို့ ထားခဲ့ရတာ။ နှစ်ယောက်တည်းကျန်ခဲ့တုန်း စစ်သား ၅ ယောက်ဝင်လာပြီး အဓမ္မကျင့်ကြတာ အဖိုးဖြစ်သူက မြင်ခဲ့တယ်။ အဖိုးဖြစ်သူကိုလည်း ရိုက်နှက်ပြီးထားခဲ့ကြတယ်” ဟု ပြောသည်။

အဆိုပါ အဖိုးဖြစ်သူနှင့် မြေးဖြစ်သူတို့မှာ စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်တွေမြို့ထဲတွင် ဖြစ်သလို နေထိုင်စားသောက်နေရကြောင်း စုံစမ်းသိရသည်။

ယင်းအပြင် မေလ ၂၉ ရက်နေ့ ညဉ့်အချိန်တွင်လည်း အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအပါအဝင် အခြားအမျိုးသမီးလူကြီးပိုင်းအချို့ကို စစ်ကောင်စီတပ်သားများက ခွဲထုတ်ခေါ်ယူသွားပြီးနောက် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ဖြစ်သူကို ထပ်မံခွဲထုတ်ခေါ်ယူကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ဖြစ်စဉ်သိသူ အမျိုးသမီးများက ပြောဆိုကြသည်။

စစ်ကောင်စီတပ်သားများ ဆွဲထုတ်ခေါ်ယူသူထဲပါဝင်သူ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက “အဲ့နေ့ ညည့် ၁၂ နာရီလောက်မှာ အမျိုးသမီးတချို့ကို လူအုပ်ကနေ ခွဲထုတ်ပြီး ခေါ်သွားတယ်။ အဲ့ထဲမှ အသက် ၁၅ နှစ် ကောင်မလေးတစ်ယောက် ပါသွားတယ်။ ကျန်တဲ့သူတွေပြန်ပို့ပေမယ့် သူ့ကိုကျတော့ ပြန်မပို့ဘူး။ သူမကို မျက်နှာကိုအုပ်ပြီး တစ်ခြားနေရာကိုခေါ်သွားကြတယ်။ အဲ့ဒီကောင်မလေးကို မိသားစုဝင်တွေ ငိုယိုလိုက်ရှာကြတော့ နောက်တစ်နေ့ ညနေစောင်းလောက်ကျမှ ပြန်ခေါ်လို့ရခဲ့ကြတယ်။ ဘာတွေဖြစ်ခဲ့လဲ မေးကြည့်တော့ အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ သိရတယ်။ ” ဟု ပြောသည်။

ဗျိုင်းဖြူကျေးရွာတွင် ထိုကဲ့သို့ အဓမ္မပြုကျင့်ခံခဲ့ရသူများမှာ ဖော်ပြပါ အမျိုးသမီးငယ် ၂ ဦးအပါအဝင် နောက်ထပ် အသက် ၂၀ ကျော်အမျိုးသမီးတစ်ဦးလည်းပါဝင်ပြီး သူမမှာ ဖြစ်စဉ်အား မပြောပြလို၍ Western News အနေဖြင့် ဖြစ်စဉ်သိရှိခွင့် မရရှိခဲ့ပေ။

ဗျိုင်းဖြူကျေးရွာက အမျိုးသား၊ အမျိုးသမီးများမှာ မေလ ၂၉ ရက်ကစပြီး စစ်ကောင်စီတပ်သားများ၏ လက်နောက်ပြန်ကြိုးတုပ်ခြင်းကိုခံရကာ ရွာပြင်၌ ၃ ညခန့် စုဝေးအိပ်ခဲ့ရကြောင်း စုံစမ်းသိရသည်။

ယင်းအထဲက အမျိုးသမီးအချို့အပါအဝင် အမျိုးသား ၂၀၀ ကျော်ကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးကာ ၁၀၀ ခန့်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး သက်ကြီးပိုင်အမျိုးသားများနှင့် အမျိုးသမီးများ၊ ကလေးငယ်များကို ပြန်လွှတ်ပေးခဲ့သည်ဟု ပြန်လွတ်လာကြသူများက ပြောသည်။

ဗျိုင်းဖြူရွာသို့ အကြမ်းဖက်စီးနင်းဝင်ရောက်ကာ အရပ်သားများအား မတရားဖမ်းဆီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်သားများအပါအဝင် စစ်ကောင်စီသင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်အဖွဲ့နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း AA က ထုတ်ပြန်ပြောဆိုထားသည်။

စစ်တွေမြို့တွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရှိပြီး AA ပြောဆိုချက်သည် စွပ်စွဲခြင်းသာဖြစ်ပြီး ဗျိုင်းဖြူရွာဖြစ်စဉ်တွင် ပါဝင်သတ်ခြင်းမရှိကြောင်း ALP က ငြင်းဆိုထားသည်။

ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP သည် အာဏာသိမ်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ယူဆောင်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဆက််စပ်သတင်းများ